တန်ဆောင်မုန်းနှင့် မြတ်ကထိန်သင်္ကန်း

မြန်မာတို့၏ ၁၂ လရာသီတွင် တန်ဆောင်မုန်းလသည် ရာသီကူးပြောင်းစ ဆောင်းကာလဖြစ်သည်။ ယခင်က အလွန်ချမ်းအေးသောရာသီ၊ ယခုဆောင်း ဟူ၍သာ ဆိုလောက်သောရာသီဖြစ်သည်။ ကောင်းကင်၌ တိမ်လွှာကင်းစင်ပြီး ပတ်ဝန်းကျင်တစ်ခွင် ပန်းပေါင်းစုံလင် ဖူးပွင့်ဝေဆာသဖြင့် သာယာလှပသည်။ တန်ဆောင်မုန်းလပြည့်ညတွင်ကား မိုးသားကြည်လင် နက္ခတ်စုံလင် တောက်ပသည်။

 

ဤသို့ မွေ့လျော်ဖွယ်ကောင်းသော တန်ဆောင်မုန်းလနှင့် တန်ဆောင်မုန်းလပြည့်ညတွင်  ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော  ထူးမြတ်သည့် ကောင်းမှုကုသိုလ်များ လွှမ်းခြုံနေသည်။ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်း တစ်နှစ်တွင်တစ်လ၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကြိမ်၊ တစ်ကြိမ်တွင် တစ်ကျောင်းရှိ ရဟန်းသံဃာတော်များအား ရည်မှန်းကာ ကထိန်လျာသင်္ကန်းများကို လှူဒါန်းကြသည်။

 

တန်ဆောင်မုန်းလပြည့်နေ့တွင်  မြတ်စွာဘုရားရှင်အား ဆက်ကပ်လှူဒါန်းရန် မသိုးသင်္ကန်း ညဉ့်ချင်းပြီး ရက်လုပ်ကြသည်။ တန်ဆောင်မုန်း လပြည့်နေ့၏ အထင်ကရ မွန်မြတ်သောပွဲများမှာ သာမညဖလရွတ်ဖတ်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ဆီမီးတန်ဆောင်ထွန်းညှိပွဲတို့ဖြစ်သည်။ ဆီမီးထွန်းပွဲမှာ နက္ခတ်စုံလင်သော ကောင်းကင်ညတွင် မီးထွန်းပူဇော်ခြင်း ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်  သာမညဖလ သုတ္တန်ဟောကြားသည်မှာ အဇာတသတ်မင်းကြီး၏ဘဝဖြစ်စဉ်နှင့်  ဆက်စပ်သည်။

 

ရဟန်းပြုရခြင်း၏ အကျိုးကျေးဇူးကို သိလိုသဖြင့် မေးမြန်းလျှောက်ထားလာသော အဇာတသတ်မင်းကို မြတ်စွာဘုရားက တန်ဆောင်မုန်းလညချမ်း အချိန်တွင် ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်၌  သာမညဖလသုတ်ကို ဟောကြားတော်မူသည်။  သာမညဖလသုတ်ကို  နာကြားခွင့်ရသောအခါ အဇာတသတ်မင်းသည် ရတနာသုံးပါးကို အလွန်ကြည်ညိုသည့် မင်းတစ်ပါး ဖြစ်လာသည်။  ယနေ့ထက်တိုင်  တန်ဆောင်မုန်းလပြည့်ညတွင်  ထေရဝါဒဗုဒ္ဓ သာသနာပြန့်ပွားထွန်းကားနေသည်မှာ  အဇာတသတ်မင်းက  အစပြုခဲ့သည်။

 

တန်ဆောင်မုန်းလနှင့် တန်ဆောင်မုန်းလပြည့်နေ့၏ အနှစ်သာရကား ကထိန်ခင်းခြင်း ကုသိုလ်ပင်ဖြစ်သည်။ ပါဝေယျကတိုင်းသား ရဟန်းတို့၏ သင်္ကန်းမှာ ပံ့သကူသင်္ကန်းဖြစ်သည်။ ထို့အပြင် သုံးထည်သာရှိသည်။ အခြား ဝတ်ရုံစရာမရှိကြ။ တစ်စုံတစ်ယောက်က လှူသော်လည်း လက်ခံကြမည်မဟုတ်။ အကြောင်းကား သင်္ကန်းသုံးထည်တည်းဟူသော တိစီဝရိတ်ဓူတင် ကို ဆောက်တည်ထားသောကြောင့်ဖြစ်သည်။  ထို့ကြောင့်  မြတ်စွာဘုရားသည် ဓူတင်ဆောင်သော  ပါဝေယျကတိုင်းသား ရဟန်းများ၏  ပင်ပန်းဆင်းရဲခြင်းကို ကြည့်ပြီး ကထိန်ခင်းရန် ခွင့်ပြုပေးတော်မူခဲ့ခြင်းဖြစ်သည်။ ထိုသို့ကထိန်ခင်းလျှင် အကျိုးအာနိသင်ငါးပါးကိုပါ ပေးသနားတော် မူသည်။ အကျိုးအာနိသင်တို့မှာ ရဟန်းတို့စောင့်စည်းနေကြရသော ဝိနည်းသိက္ခာပုဒ်တို့နှင့် ဆက်စပ်နေသဖြင့် ထူးကဲမွန်မြတ်သည်။

 

ဘုရားရှင်လက်ထက်တော်မှ စတင်ခဲ့သည့် ကထိန်ခင်းခြင်းသည် ယနေ့ထက်တိုင် ကောင်းသောအစဉ်အလာ တစ်ရပ်အဖြစ် သီတင်းကျွတ်လပြည့် ကျော်တစ်ရက်နေ့မှ  တန်ဆောင်မုန်းလပြည့်နေ့အတွင်း  ပြုလုပ်ကြသည်။ ယခုနှစ်တွင်   ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကထိန်ခင်းခြင်းကို ပြုလုပ်ခဲ့ကြသည်။ နှစ်စဉ်နှစ်တိုင်း မြန်မာပြည်တစ်ဝန်း  ကထိန်ခင်းကြရာတွင်  ကထိန်မခင်း ရသည့်ကျောင်းဟူ၍ မရှိသလောက်ပင်ဖြစ်သည်။

 

ခေတ်ကာလရွေ့လျောလာသည်နှင့်အမျှ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း၊ တန်ဆောင်မုန်းလ  ကထိန်ခင်းရခြင်း အကြောင်း  ကောင်းစွာသိသူ နည်းပါးလာသည်။ တန်ဆောင်မုန်းလနှင့် ကထိန်ခင်းရခြင်းကို မြန်မာများ အနေဖြင့် ကောင်းစွာသိအပ်သည်။ ကထိန်သင်္ကန်းလှူဒါန်းသောကြောင့် သွားလေရာအရပ်၌  အန္တရာယ်ကင်းခြင်း၊   ပိုင်ဆိုင်ထားသော ပစ္စည်းများကို ရန်သူတို့မဖျက်ဆီးနိုင်ခြင်း၊ အစားအသောက်ပေါများပြီး အဆိပ်မသင့်ခြင်း၊ မိမိပိုင်ဆိုင်ပစ္စည်းကို မေ့လျော့သော်လည်း မဆုံးပါးခြင်း၊ ချောမောလှပခြင်း ဟူသည့် အကျိုးတရားများရရှိစေသည်။

 

သို့ဖြစ်ရာ   တန်ဆောင်မုန်းလနှင့်    တန်ဆောင်မုန်းလပြည့်နေ့သည် ကောင်းသောအမှုများ၊   ကောင်းသောကုသိုလ်များ၊ပျော်ရွှင်ချမ်းမြေ့ စိတ်နှလုံးကြည်လင်ဖွယ်ရာများ   ပြည့်စုံသည့်လ၊  နေ့ဖြစ်ရာ  ကိုဗစ်-၁၉ ကြောင့်  ရှေးယခင်ကာလ များကဲ့သို့ စည်ကားသိုက်မြိုက်စွာ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်နိုင်ကြသော်လည်း ကိုဗစ်-၁၉ ကျန်းမာရေး စည်းမျဉ်းများနှင့်အညီ အတတ်နိုင်ဆုံး မိမိတို့ကြည်ညိုသဒ္ဓါပွားများ နိုင်သရွေ့ ပြုလုပ်ခြင်းဖြင့် ကောင်းကျိုးများကို ဆောင်ကြဉ်းသင့်ကြပါကြောင်း။ ။

ကြေးမုံ