တန့်ဆည်မြို့နယ်  ရွာငယ်ကြိုးပြင်ကာကွယ်တောအတွင်း  ဒီဇယ်ဆီပီပါ  တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

တန့်ဆည်  ၁၅   ဧပြီ  

 

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  တန့်ဆည်မြို့နယ်နှင့် တောကျင်ကြား ရွာငယ်ကြိုးပြင် ကာကွယ်တောအတွင်းတွင် ဧပြီ ၁၁ ရက် ညပိုင်းက ဒီဇယ်ဆီပေပါ ၆၇ လုံး တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး  တာယာအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

                 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်နှင့် တောကျင်ကြား မိုင်တိုင် ၃၈ နှင့် မိုင်တိုင် ၃၉ ကြား ရေဦး - ကလေးဝလမ်း ရွာငယ်ကြိုးပြင် ကာကွယ်တောအတွင်းတွင်  ဧပြီ ၁၁ ရက်  ည ၇ နာရီခွဲခန့်က  မုံရွာမြို့မှ ဟုမ္မလင်းမြို့ နန်တောရွာသို့သွားသည့်  မုံရွာမြို့  အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူ ယာဉ်မောင်း  ဇင်ကို (၃၀) နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်  ဝေယံထက် (၁၉)နှစ် ကွေ့ကြီးရပ်  မုံရွာမြို့ လိုက်ပါသည့် ဒီဇယ်ဆီပေပါ ၆၇ လုံး တင်ဆောင်လာသော   Nissan ၁၀ ဘီးယာဉ် အဖြူ / အနက် ရောင် မော်တော်ယာဉ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့  တန့်ဆည်မြို့နယ် မီးသတ်စခန်းမှ  မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ကံထူးမနယ်မြေ မီးသတ်စခန်းမှ  မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၈ ဦးနှင့် ပြည်သူများ  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်၍ ည ၉ နာရီ ၅၅ မိနစ်တွင်  မီးလုံးဝငြိမ်းသွားကြောင်း  သိရသည်။

                     

မီးလောင်မှုဖြစ်ပွားရသော အကြောင်းရင်းမှာ Nissan  ၁၀ ဘီးယာဉ်၏ ဘယ်ဘက်နောက်ဘီးမှ တာယာအပူလွန်ကဲရာမှ  မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး  မီးလောင်မှုကြောင့်  Nissan  ၁၀  ဘီးယာဉ်နှင့် ဆီပေပါ  ၄၀ လုံး  မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

                       

ဖြစ်စဉ်နှင့်ပတ်သက်၍  ယာဉ်မောင်း  ဇင်ကို အောင်ချမ်းသာရပ်ကွက် မုံရွာမြို့နေသူ (ထွက်ပြေး )နှင့် ယာဉ်နောက်လိုက် ဝေယံထက် တို့နှစ်ဦးအား တန့်ဆည်မြို့နယ် ကံထူးမနယ်မြေရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

မိုးသောက်(ရွှေဘို)

 

1