တွန်းဇံမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်းများ ဆောင်ရွက်

တွန်းဇံ မေ ၁၂

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ သဘာဝဘေး အန္တရာယ်ဖြစ်ပွားပါက ဆုံးရှုံးမှုလျော့ပါးစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းမျက်နှာစာကွင်းပြင်တွင် မေလ ၁၁ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က သဘာဝဘေးနှင့် ပတ်သက်၍ မဖြစ်ခင်၊ ဖြစ်ဆဲနှင့် ဖြစ်ပြီးချိန်များတွင် သတင်းအချက်အလက်ရရှိနိုင်ရေး သတင်း ဖလှယ်ခြင်းများ၊ အရေးပေါ်အသုံးပြုနိုင်ရန် ယာဉ်အမျိုးအစားအလိုက် စုစည်း၍တုံ့ပြန်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် တာဝန်ခွဲဝေမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း‌ ကော်မတီဥက္ကဋ္ဌ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဆောက် က သဘာဝဘေးအန္တရာယ်ဖြစ်ပြီးချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ပြီး သန္ဓေတပ်ဖွဲ့ဝင်ဝန်ထမ်းများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ Volunteer များနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်မှုများ သရုပ်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွက်ရာသို့ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ အတွင်းရေးမှူး ယာယီရဲမှူးမြစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer များ စုစုပေါင်း(၂၀၅ ) ဦးခန့်တက်ရောက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဇိုဇွန်းပါလ်