တန်ဇန်းနီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၅၅ ဦး သေဆုံးပြီး ၂၃၆ ဦး ဒဏ်ရာရ

 

ဒိုဒိုမာ ဧပြီ ၂၅

တန်ဇန်းနီးယားနိုင်ငံ၌ ရုတ်တရက် ရေကြီးခြင်းကြောင့် ၁၅၅ ဦး သေဆုံးပြီး ၂၃၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဝန်ကြီးချုပ် ကက်စ်ဆင်မာဂျာလီဝါက ဧပြီ ၂၅ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

တန်ဇန်းနီးယားနိုင်ငံဒေသကြီး ၂၆ ခုအနက် ၁၄ ခုတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၀၀၀၀၀ ရေကြီးမှုဒဏ် သက်ရောက်မှု ခံစားခဲ့ရကာ နေအိမ်ပေါင်း ၁၀၀၀၀ ပျက်စီးခဲ့ရသည်ဟု ဝန်ကြီးချုပ်က ပြောသည်။

အခြေခံကျောင်းအဆောက်အအုံများ၊ လယ်ယာများ၊ လမ်းတံတားများ၊ ကျန်းမာရေးအဆောက်အအုံများနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရေကြီးမှုဒဏ်ခံစားခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။ နောက်ထပ်ဆိုးရွားသည့် သဘာဝဘေး အန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်ရန်ရည်ရွယ်၍ အစိုးရသည် ရေကြီးမှုဖြစ်ပွားသည့် ဒေသများတွင် စာသင်ကျောင်းများ ပိတ်ထားခြင်း အပါအဝင် အခြားသောကိစ္စများကို လုပ်ဆောင်လျက်ရှိသည်။

တန်ဇန်းနီးယား အမျိုးသားလမ်းအေဂျင်စီ၊ တန်ဇန်းနီးယားကျေးလက်နှင့် မြို့ပြလမ်းအေဂျင်စီနှင့် တန်ဇန်းနီးယား မီးရထားကော်ပိုရေးရှင်းတို့ကိုလည်း လမ်းနှင့် ရထားလမ်းအပျက်အစီးများကို အကဲဖြတ်မှုများလုပ်ဆောင်ပြီး ချက်ချင်းပြင်ဆင်မှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။

အယ်နီညို သက်ရောက်မှုကြောင့်ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းမှုသည် မေလ တစ်လျှောက် ဖြစ်ပွားမည်ဟု တန်ဇန်းနီးယား မိုးလေဝသ အာဏာပိုင်များက ခန့်မှန်းထားသည်။

ဆင်ဟွာ