တနင်္သာရီမြို့နယ်၊  ရေဖြူရွာ၌ ကျောင်းကြိုယာဉ် တိမ်းမှောက် ကျောင်းသား တစ်ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရရှိ

တနင်္သာရီ ၁၆ ဇန်နဝါရီ


မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ တမုတ်ချုန်းကျေးရွာအုပ်စု ရေဖြူရွာ-အခြေခံပညာမူလတ်း(လွန်)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ကျောင်းဆင်းလာကြိုသည့် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား တစ်ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 


ရေဖြူရွာ-အခြေခံပညာမူလတ်း(လွန်)ကျောင်းမှ ကျောင်းဆင်းလာကြိုသည့် ယာဉ်မောင်း ဦးမောင်မောင်ဝင်း မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၃)ဦးနှင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးတို့ တင်ဆောင်လာသော Toyota Double Cub အမျိုးအစား မော်တော်ယာဉ်သည် ဇန်နဝါရီ ၁၅ ရက် ညနေ ၄ နာရီခွဲခန့်က ရေဖြူရွာ ရွှေကမ္ဘောဇဆီအုန်း ကုမ္ပဏီသို့ ပြန်လာစဉ်  တနင်္သာရီ-ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၆၃/ဝ)အရောက်တွင် ကားအရှေ့ယာဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးရှိ ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးအတတ်သင် ကျောင်းဆိုင်းဘုတ်အား ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့သည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ပဉ္စမတန်းကျောင်းသား မောင်သွေးစစ်နိုင် (၁၁)နှစ်သည် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ကျောင်းသူ/ ကျောင်းသား(၅)ဦးနှင့် ကုမ္ပဏီဝန်ထမ်း ဦးသိန်းအောင်(၆ဝ)နှစ်တို့မှာ ဒဏ်ရာများရရှိခဲ့ကြသဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။


၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးမောင်မောင်ဝင်း(၄၁)နှစ်အား တနင်္သာရီမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။


နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

ာိည