တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအချို့၌ မိုးသည်းထန် လေပြင်းတိုက်၍ နေအိမ်များပျက်စီး

တနင်္သာရီ ၁၇ ဧပြီ

 


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု ရှမ်းအင်းတော်ကျေးရွာတွင် ဧပြီ ၁၆ ရက် ညနေ ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ထရံကာ ပျဉ်ခင်းနေအိမ် (၁)လုံး ပြိုလဲပျက်စီးခဲ့၍ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဉီး အိုးအိမ်မဲ့ဖြစ်ကာ ၎င်းတို့၏ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ လူနှင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရသည်။

 


ထို့အတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကော့မပြင်းအရှေ့ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တောင်ထန်းဖက်မိုး ထရံကာ ဝါးကြမ်းခင်းနေအိမ် (၁)လုံး ပြိုလဲပျက်စီးခဲ့၍ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၁) အိုးအိမ်မဲ့ဖြစ်ကာ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

 


ထို့အပြင် ယင်းနေ့ ည ၇ နာရီ မိနစ် ၅၀ ခန့်က တနင်္သာရီမြို့နယ်၊ ဆင်ခြဖုံးကျေးရွာအုပ်စု၊ မရင်းကြီးကျေးရွာတွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ် (၂)လုံး ပြိုလဲပျက်စီးခဲ့၍ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၄) အိုးအိမ်မဲ့ဖြစ်ကာ ၎င်းတို့၏ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

 


သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
 

 

dd