တနင်္သာရီမြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားရိက္ခာများ ထောက်ပံ့ပေးလျက်ရှိ

တနင်္သာရီ ၂၁  သြဂုတ် 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း သြဂုတ်လပထမပတ်မှစ၍ မိုးသည်းထန်စွာသွန်းနေမှုကြောင့် သြဂုတ်လ ၇ ရက်မှ ၁၃ရက်အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ထက်(၂၄)ပေထက် (၂ပေ ၆လက်မ) ကျော်လွန်ကာ (၂၆ပေနှင့်၆လက်မ)အထိ အမြင့်ဆုံးသို့ မြစ်ရေကြီး၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၂၂)စုရှိ ကျေးရွာခွဲအသီးသီးမှ အိမ်ထောင်စု(၄၇၅၉)စုက လူဦးရေ ပေါင်း(၂၃၃၅၂)ဦး ရေဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရကြောင်း ရေဘေးကယ်ဆယ်ရေးယာယီကွပ်ကဲရေးရုံးမှ သိရှိရသည်။

အိမ်ထောင်စု(၁၄၅၃)စုမှ ရေဘေးသင့်ပြည်သူ(၇၃၈၈)ဦးတို့မှာ နီးစပ်ရာမိဘဆွေမျိုးများနှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ 

၎င်းပြောင်းရွှေ့သူ(၇၃၈၈)ဦးအတွက်(၁၄)ရက်စာရိက္ခာအဖြစ် လူတစ်ဦးလျှင် (တစ်ရက်စာ)ဆန်(၂)ဗူး၊ မာမားခေါက်ဆွဲ(၂) ထုတ်နှင့် ရေသန့် (၂)ဘူးစီကိုလည်းကောင်း၊ အိမ်ထောင်စု(၃၃ဝ၆)စုတို့မှ လူဦးရေ(၁၅၉၆၄) ဦးတို့မှာ လူနေအိမ်ရေကြီးနစ်မြုပ်နေသော်လည်း ပြောင်းရွှေ့ခြင်းမပြုဘဲ မိမိတို့၏နေအိမ်တွင်ပင် အဆင်ပြေသလိုပြုပြင်၍ နေထိုင်မြဲနေထိုင်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ မပြောင်းရွှေ့သည့် ရေဘေးသင့် လူဦးရေ(၁၅၉၆၄)ဦးတို့အတွက် တစ်ဦးလျှင် တစ်ပြည်နှုန်းနှင့် အိမ်ထောင်စု (၃၃ဝ၆)စုအတွက် တစ်စုလျှင် မာမားခေါက်ဆွဲ(၆)ထုပ်၊ ငါးသေတ္တာ(၂)ဗူး၊ သောက်ရေသန့်(၃)ဘူးနှင့်တစ်လီတာဆီတစ်ဘူးနှုန်းဖြင့် ယာယီကွပ်ကဲရေးရုံး အလှူငွေရရှိရေး၊ ခွဲဝေသုံးစွဲရေးနှင့်ပြန်ကြားရေးကော်မတီက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးများနှင့် ဆက်သွယ်ချိတ်ဆက်ပြီး ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားနပ်ရိက္ခာများ စနစ်တကျဖြန့်ဝေ ထောက်ပံ့ပေးနိုင်ရေးအတွက် သြဂုတ်လ ၁၉ ရက် မွန်းလွဲ ၁နာရီ ယာယီကွပ်ကဲရေးရုံးတွင် ပြုလုပ်သည့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေနှင့် ကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေးအရ ထိုင်းနိုင်ငံမှ စေတနာရှင်များအပါအဝင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် အခြားနယ်ပယ်အသီးသီးမှ စေတနာရှင်များက ကိုယ်တိုင်သော်လည်းကောင်း/ အဝေးရောက် ပေးပို့ လှူဒါန်းမှုအဖြစ်လည်းကောင်း အလှူခံရှိသည့် ဆန်နှင့် အခြားစားနပ်ရိက္ခာများကို ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးပို့ခြင်းဖြစ်သည်။

ထို့အပြင် ရေဘေးကယ်ဆယ်ရေး ယာယီကွပ်ကဲရေးရုံး  စတင်ဖွင့်လှစ်သည့် သြဂုတ်လ ၈ ရက်နေ့မှစ၍ယနေ့  သြဂုတ်လ ၂ဝရက်နေ့ ညနေ ၆နာရီ စာရင်းပိတ်သည့် အချိန်အထိ အလှူခံရှိငွေမှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁၃၁၂၃၇၀ဝ၊ မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ၁၁၃၉၄၆၀ဝ နှင့် စေတနာရှင်အသီးသီးမှ လှူဒါန်းငွေကျပ်(၄ဝ၁,၅၅ဝဝ) စုစုပေါင်း အလှူခံရရှိငွေကျပ် (၆၄၆,၇၃၃၀ဝ) ဖြစ်သည်။

ယခုအချိန်အထိ ကော်မတီဝင်များညှိနှိုင်းသဘောတူညီချက်အရ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူခြင်းအတွက် ငွေကျပ်(၁၄၈,၈၈၆ဝဝ)ကို သုံးစွဲခဲ့ပြီး စုစုပေါင်းငွေလက်ကျန် ကျပ်-၅ဝ၃၉၉၆၅၅ အား တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ CP-00085 သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကော်မတီအမည်ဖြင့် ဘဏ်စာရင်းဖွင့်၍ ထိန်းသိမ်းထားရှိပါကြောင်း ကော်မတီအတွင်းရေးမှူးဦးအောင်ဝင်း (ဦးစီးအရာရှိ-မြို့နယ်သမဝါယမဦးစီးဌာန)ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)