တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေး ကူညီဆောင်ရွက်ပေးလျက်ရှိ

ထားဝယ် ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ ဇဟာကျေးရွာရှိ တောင်သူ ဦးအောင်နေစိုး၏ မိုးစပါးစိုက်ခင်း၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် မိုးစပါး (၂၂၃၇၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ယခု ဇွန်လကုန်အထိ (၁၆၄၂၅)ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလိုမိုးစပါး စိုက်ပျိုးနေသော အချိန်ကာလတွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်မှသာ အထွက်ကောင်းသည့် ရလဒ်ကောင်းများ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ပျိုးနည်းစနစ်များစွာ ရှိသည့်အနက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာခြင်း၊ အလုပ်သမားရှားပါးမှုပြဿာနာ ဖြေရှင်းနိုင်ခြင်း စသော အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါကြောင်း၊ စိုက်နည်းစနစ်များစွာရှိသောကြောင့် တိုင်းဒေသကြီး၏ ရေမြေရာသီဥတုနှင့် လယ်မြေများ၏ တည်ရှိမှု ပုံသဏ္ဌာန်များအရ မိမိတို့ ရေမြေရာသီဥတုနှင့် ကိုက်ညီသင့်လျော်သော နည်းစနစ်များကို ကျင့်သုံးဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲပြီး မြေယာပြုပြင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချွေလှေ့ သိုလှောင်အချိန်ထိ စက်ကိရိယာများ သုံးစွဲဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်လာပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေး ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်ပြီး မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် သွင်းအားစုဆိုင်ရာ လိုအပ်ချက်များ ရောဂါပိုးမွှား ကာကွယ်နှိမ်နင်းနည်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လက်ဆင့်ကမ်းရယူလျက် မိမိတို့စိုက်ပျိုးထားရှိသော သီးနှံများ၏ တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းထိုက်က မိုးစပါးစိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ထွေးက စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက တောင်သူများအား အိမ်ခြံဝန်းဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူ ဦးအောင်နေစိုး၏ မိုးစပါးစိုက်ခင်း၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအားလည်းကောင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်နေမှုအား လည်းကောင်းကွင်းသရုပ်ပြပွဲအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)