တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်း၌  ခရီးသည်တင်မော်တော်ယာဉ် တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ နှစ်ဦးသေဆုံး 

 

နေပြည်တော် ဖေဖော်ဝါရီ၊ ၁၉

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်း NUG၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးမင်းမင်းချမ်း မောင်းနှင်ပြီး ခရီးသည် အမျိုးသားခြောက်ဦးနှင့်  အမျိုးသမီး လေးဦးတို့  လိုက်ပါလာသည့် မော်တော်ယာဉ်သည် ကော့သောင်းမြို့မှ မြိတ်မြို့သို့ ထွက်ခွာလာခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာနှင့် ခဲချောင်းကျေးရွာလမ်းဆုံသို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသမီးတစ်ဦးနှင့် အသက်ကိုးနှစ်အရွယ် ယောကျ်ားလေး တစ်ဦးတို့တွင် လက်နက်ငယ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်လုပ်ရပ်များ  ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များက  ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲကာ  လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်