တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော်  ၁ စက်တင်ဘာ


ယနေ့ နံနက် ၉ နာရီခွဲထိ မိုးလေဝသ တိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော (၂၄)နာရီအတွင်းက ကချင်ပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ပြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန် များမှာ ချောင်းဆုံမြို့တွင် (၁၀.၅၁) လက်မ၊ မုဒုံမြို့တွင် (၇.ဝ၁)လက်မ၊ မော်လမြိုင်မြို့တွင် (၆.၈၅)လက်မ၊ ကျိုက်မရောမြို့တွင် (၆.၆၁)လက်မ၊ ကြာအင်းဆိပ်ကြီးမြို့တွင် (၄.၆၀)လက်မ၊ ကျိုက်ဒုံမြို့တွင် (၄.၅၂)လက်မ၊ ကော့ကရိတ်မြို့တွင် (၃.၆၂)လက်မ၊ ကျောက်တော်မြို့တွင် (၃.၃၉)လက်မ၊ စစ်တွေမြို့တွင် (၃.၃၁)လက်မ၊ တောင်ကုတ်မြို့တွင် (၂.၉၅)လက်မ၊ ထီးလင်းမြို့တွင် (၂.၉၁)လက်မ၊ မြိတ်မြို့တွင် (၂.၈၄)လက်မ၊ သထုံမြို့တွင် (၂.၇၉) လက်မ၊ ကျောက်ဖြူမြို့တွင် (၂.၇၁)လက်မ၊ နေပြည်တော် (ဒက္ခိဏသီရိမြို့နယ်)နှင့် ပေါင်မြို့တို့တွင် (၂.၆၈)လက်မစီ၊ ဖာပွန်မြို့တွင် (၂.၅၂) လက်မနှင့် ပလက်ဝမြို့တွင် (၂.၄၀)လက်မတို့ ဖြစ်ကြောင်း သိရသည်။


ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေသည်။


မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


မြန်မာ့ပင်လယ်ပြင်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်သည်။


နောက်(၂)ရက်အတွက် ခန့်မှန်းချက် အနေဖြင့် မုတ်သုံလေ အားကောင်းနေမည်။
နေပြည်တော်နှင့် ရန်ကုန်မြို့တို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါ သည်။


မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။


MDN