တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော် ၂ စက်တင်ဘာ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေသည်။

ယနေ့ညနေအထိခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့် မုတ်သုံလေ အားကောင်းနေမည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

MDN