တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း (၃)လောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ၂၅   ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်း (၃)လောင်းပြိုင် လူသတ်မှု ကျူးလွန်သူ ၄ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်နေ ဒေါ်ခင်စန်းညိုသည် ဇွန် ၁၃ ရက် ညနေပိုင်း တွင် ၎င်း၏သား မီးရထားလမ်းမိုင်တိုင်အမှတ် ၂၃/၄ တွင် ရထားသံလမ်းဂိတ်စောင့်သူ အောင်ကျော်ထွန်း (ခ)ဖိုးလပြည့်အား ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုသော်လည်း မကိုင်သဖြင့် ရထားသံလမ်း ဂိတ်အနီးရှိ ၎င်းတို့နေအိမ်သို့သွားရောက်ကြည့်ရှုရာ သားဖြစ်သူ အောင်ကျော်ထွန်း(ခ)ဖိုးလပြည့်၊ ဇနီး မခင်ဖြိုးဝေ၊ သား မောင်စုစု(၁)နှစ်ကျော်ခန့် တို့မိသားစု(၃)ဦးမှာ နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိတိုင်တန်းသဖြင့် ရေဖြူမြို့မရဲစခန်း(ပ)၂၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားရှိခဲ့ကြောင်း။

 

အမှုနှင့်ပတ်သက်၍ ထားဝယ်ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ တယ်လီဖုန်းဆက်သွယ်မှုများမှတစ်ဆင့် မသင်္ကာတရားခံအား ခြေရာခံမိခဲ့ပြီး ဆက်လက်စုံစမ်း စိစစ်ချက်များအရ အောင်ကျော်ထွန်း(ခ)ဖိုးလပြည့်သည် ၎င်းအိမ်၌ မူးယစ်ဆေးဝါး ရောင်းချကြောင်း၊ လူသတ်တရားခံဖြစ်သူ ဥဿရံကျေးရွာနေသူ ကျော်မင်းထွန်းနှင့် ဝိုင်ကေတို့(၂)ဦးသည် ယခင်ရက်က သေဆုံးသူထံသို့ မူးယစ်ဆေးဝါးသွားရောက်ဝယ်ယူခဲ့ကြောင်း၊ ငွေပေးချေရန် မရှိသဖြင့် ၎င်းတို့(၂)ဦး၏ သူငယ်ချင်းဖြစ်သည့် ဥဿရံကျေးရွာနေသူ ဇော်လင်း ထံမှ ငှားရမ်းကိုင်ဆောင်လာသည့် တယ်လီဖုန်းအား အပေါင်ထားခဲ့ကြောင်း၊ အခင်းဖြစ်နေ့တွင် ဇော်လင်းမှ ၎င်း၏ ဖုန်းအား ပြန်တောင်းသဖြင့် ကျော်မင်းထွန်းနှင့် ဝိုင်ကေတို့မှ သေဆုံးသူ၏ နေအိမ်သို့သွားရောက်ပြီး ဖုန်းအား ပြန်လည်တောင်းယူစဉ် အဆင်မပြေစကားများ ရန်ဖြစ်ရာမှ ၎င်းတို့(၂)ဦးက အသင့်ပါလာသည့် သစ်သားရိုးတပ် ငါးမန်းစွယ် များပါ ဓားဦးချွန်ဖြင့် အောင်ကျော်ထွန်း(ခ) ဖိုးလပြည့်တို့  မိသားစု(၃)ဦးအား သတ်ဖြတ်ခဲ့ကြောင်း၊ အခင်းဖြစ်ပြီးနောက် လူသတ်ရာတွင် အသုံးပြုခဲ့သော သက်သေခံ ပစ္စည်းဓားအား ဥဿရံကျေးရွာ နေသူ သိန်းသန်းဝင်း က ဖျောက်ဖျက်ဝှက်သိမ်းပေးခြင်း၊ ဖုန်းပိုင်ရှင် ဇော်လင်းကလည်း ၎င်း၏ဖုန်းအား ဖျောက်ဖျက်ထားပေးခြင်းတို့ကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ရေဖြူမြို့ နယ်၊ ဥဿရံကျေးရွာနေသူများ ဖြစ်ကြသည့် ကျော်မင်းထွန်း၊ ဝိုင်ကေ၊ သိန်းသန်းဝင်းနှင့် ဇော်လင်းတို့ (၄)ဦးအား အမှုဖြင့် ဖမ်းဆီးခဲ့ပြီး သက်သေခံဓားဦးချွန်နှင့် အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် ဆိုင်ကယ်(၂) စီးတို့အား သိမ်းဆည်းရမိပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်