ထားဝယ် ဇွန် ၁
တနင်္သာရီတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
ဦးစွာ တိုင်းဒေသကြီးဥပဒေချုပ် ဦးထိန်လင်းကျော်က ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များနှင့်အညီ တာဝန်ထမ်းဆောင်ခြင်းဖြင့် သဘောထားပြည့်ဝခြင်း၊ အကောင်းနှင့်အဆိုးကို ခွဲခြားနားလည်ခြင်း၊ တရားမျှတမှုကို မြတ်နိုးခြင်းစသည့် ကောင်းမြတ်သည့် စိတ်နေစိတ်ထား၊ ကိုယ်ကျင့်တရားတို့ ပြည့်စုံလာမည်ဖြစ်ကြောင်း၊ ထို့ပြင် တာဝန်ယူမှု၊ တာဝန်ခံမှုကောင်းမွန်လာခြင်း၊ အများပြည်သူတို့၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိစေခြင်းတို့ ဖြစ်ပေါ်လာမည်ဖြစ်ကာ ဥပဒေအရာရှိ ကျင့်ဝတ်နှင့်အညီ မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဥပဒေအရာရှိများအား တိုင်းဒေသကြီးဥပဒေအရာရှိ ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့က မေးမြန်းဆွေးနွေးပြီး ခရိုင်နှင့်မြို့နယ် ဥပဒေရုံးများရှိ ဥပဒေအရာရှိများအား သက်ဆိုင်ရာ ဥပဒေအရာရှိများက မေးမြန်းဆွေးနွေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


