တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပေးပြီး ကျောင်းများတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး

မြိတ် မေ ၃၀

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြိတ်တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြည်သာယာလှပရေး ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်၍ မိုးရာသီသစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ စိုက်ပျိုးပေးခဲ့ကြသည်။

 

ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက တက္ကသိုလ်ပါမောက္ခချုပ်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ်က ခရေပျိုးပင်ကိုလည်းကောင်း၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ပိတောက်ပျိုးပင်များကို လည်းကောင်း စိုက်ပျိုးပေးခဲ့ကြသည်။

 

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး၊ သင်္ကန်း၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ပိတောက်၊ မန်ဂျန်းရှား၊ စသည့်အပင်များ စိုက်ပျိုးခဲ့ကြပြီး စုစုပေါင်းပျိုးပင် (၁၂၁၀)ပင်ကို ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဝန်ကြီးများ၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက တပျော်တပါး စိုက်ပျိုးပေးခဲ့ကြသည်။

 

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က(၃)ကျောင်းသို့ သွားရောက်ခဲ့ကြ၍ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်း ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းများတွင် ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်ပေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

 

ကျောင်းများတွင် မိဘအုပ်ထိန်းသူများက ၎င်းတို့၏ ကလေးငယ်များအား အတန်းအလိုက် ကျောင်းလာရောက်အပ်နှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများကို ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး အားပေးစကားပြောကြား၍ ကျောင်းသား/ကျောင်းသူများကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ် ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မြိတ်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း (၁၅၆)ကျောင်းရှိပြီး မေ ၂၃ ရက်မှ ၂၉ ရက်အထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား/ကျောင်းသူ ၅၇၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)