တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇွန် ၂၆

 

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ကျင်းပပြုလုပ်သည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာရခြင်းတွင် ၁၉၈၇ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန် ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ (၃၇)ကြိမ်ရှိပြီးဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် ဘိန်းစိုက်ပျိုးမှုမရှိသော်လည်း နယ်စပ်ဒေသဖြစ်ပြီး ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုရှိသည့်အတွက် တိုင်းဒေသကြီးအဆင့် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့အနေဖြင့် လမ်းလွှဲမရောက်စေရန် ကြပ်မတ်ကွပ်ကဲလျက်ရှိကြောင်း။

 

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းစေရန် ကြိုတင်အသိပညာပေးခြင်းသည် ထိရောက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်နှင့်အညီ ကျောင်းသားလူငယ်များနှင့် ပြည်သူများကို အသိပညာပေးရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ပြည်သူလူထုနှင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာနှင့် ဗဟုသုတများ ပိုမိုရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ ကျန်းမာရေးနှင့် တရားရေးအပိုင်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်က ဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့် ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုအားလည်းကောင်း၊ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းအား လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)