တည်ငြိမ်အေးချမ်းရေး ဆက်လက်ဖော်ဆောင်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေမှာ နေ့စဉ်ဓာတ်ခွဲစမ်းသပ်မှုများမှ          ပိုးတွေ့လူနာသစ်တွေ့ရှိမှု (၁) ရာခိုင်နှုန်းအောက်သို့   ရောက်ရှိလာနေသည်ကို  တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အလျောက် လာမည့်သင်္ကြန် ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပရန် ခွင့်ပြုထားပြီးဖြစ်သကဲ့သို့ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်)မှစ၍ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်၊ ပြည်တွင်း ပြည်ပခရီးသွားလာမှုများကို ခွင့်ပြုသွားရန်တို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ   ကူးစက်ပျံ့နှံ့မှုကို   ထိန်းချုပ်နိုင်ရေးတွင်  ကာကွယ်ဆေးထိုးနှံပေးမှုများက   အရေးကြီးသည့်အလျောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကာကွယ်ဆေးထိုးနှံ မှုများ ရာနှုန်းပြည့်ပြီးစီးစေ‌ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်း မှုများရှိနေသည့်   နယ်မြေများတွင်လုံခြုံရေးအရ ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြီးစီးနိုင်မည့်  အခြေအနေများရှိသည်။ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားပြီး သူများအနေဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ခုနစ်ဆ လျှော့ချနိုင်သည့်အတွက်  အခမဲ့ထိုးနှံပေးလျက်ရှိသည့်  ကာကွယ်ဆေးကို  မပျက်မကွက် ထိုးနှံကြရန် လိုသည်။

 

“မိမိတို့နိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျ သွားပြီဖြစ်သော်လည်း ပေါ့ဆ၍မရဘဲ သတိဝီရိယဖြင့် နေထိုင် သွားကြရန်လိုကြောင်း၊  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံ ရေးနှင့်စပ်လျဉ်း၍     တိုင်းဒေသကြီးနှင့်   ပြည်နယ်များအလိုက် သတ်မှတ်ရာခိုင်နှုန်း      ပြည့်မီအောင်     ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာ    ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏  လုပ်ငန်း ဆောင်ရွက်မှုများကို ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်” ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြား ခဲ့ရာ     ကာကွယ်ဆေးရာနှုန်းပြည့်     ထိုးနှံ ပြီးစီးရေး ဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ မျိုးကွဲအိုမီခရွန်၏ မျိုးကွဲ BA.2 ကူးစက်မှု များ မိမိတို့၏ ဒေသတွင်းနိုင်ငံ အချို့တွင် ရှိနေပြီး ကူးစက်ပျံ့နှံ့မှု များလည်းရှိနေရာ ပြည်ပမှ ဝင်ရောက်မှုများ၊ ကူးသန်းသွားလာမှု များမှတစ်ဆင့် နိုင်ငံအတွင်း ဝင်ရောက်လာနိုင်သည်ကို သတိပြု ကြရမည်ဖြစ်သည်။    လူစုလူဝေး   ကန့်သတ်ထားမှုများကို ဖြေလျှော့ထားခြင်းအပါအဝင် ပုံမှန်နီးပါး ပြန်လည်ရောက်ရှိလာ နေသည့် အခြေအနေများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတိတရားကို လက်မလွှတ်စေဘဲ နေထိုင် သွားခြင်းဖြင့် ရောဂ ကူးစက်ပျံ့နှံ့မှု သုညအခြေအနေအထိ ရောက်ရှိသွားသည်အထိ မိမိကိုယ်ကို ဂရုပြုစောင့်ရှောက်ကြရန်လိုသည်။

 

မကြာမီကျရောက်တော့မည့်      မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်ကူးပွဲတော်သည်လည်းကောင်း၊    နှစ်ဆန်း တစ်ရက်နေ့တွင် ပြသကြမည့် ရုပ်ရှင်ရုံများ၊ ပြည်တွင်း ပြည်ပ ခရီးသွားလာမှု များသည်လည်းကောင်း   ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မိမိတို့နိုင်ငံသူ နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည့် ကမ္ဘာ့ ကပ်ရောဂါ  ကူးစက်ပျံ့နှံ့မှုများနှင့်  နိုင်ငံရေးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့်  မတည်ငြိမ်မှု၊  မလုံခြုံမှု၊ စိုးရိမ်ထိတ်လန့်မှုများ  စသည့်   မကောင်းမှု အနိဋ္ဌာရုံများ   လျော့ပါးလာသည့်ပြယုဂ်များ ဖြစ်သည်။ တစ်ဖက်တွင်လည်း  လုံးဝ အကင်းမသေ သေးသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတို့  ကျန်ရှိနေသေးသကဲ့သို့ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုတို့  ဖြစ်ပေါ်လာသည့်  အခြေအနေများကို မလိုလားမရှုဆိတ်သည့်  အဖျက်အမှောင့် အကြမ်းဖက် တို့လည်း ရှိနေဆဲဖြစ်သည်။

 

မည်သို့ပင်ဆိုစေ ကိုဗစ်-၁၉ ကပ်ရောဂါ၏ အဆိုးရွားဆုံး ရိုက်ခတ်ခဲ့သည့် အခြေအနေကို လည်းကောင်း၊ အကြမ်းဖက်ဝါဒီများ၏ ပြည်တွင်း ပြည်ပ ပူးပေါင်းကြံစည်ကြိုးပမ်းသည့် အဖျက် လုပ်ငန်းများကိုလည်းကောင်း ပြည်သူများ   ပူးပေါင်းပါဝင်မှုအားဖြင့်     ရင်ဆိုင်ကျော်လွှား နိုင်ခဲ့ပြီးဖြစ်ရာ တည်ငြိမ်အေးချမ်းမှု အခြေအနေကောင်းများ တိုးသထက်တိုးလာစေရန်  ဆက်လက် ထိန်းသိမ်းဖော်ဆောင်နိုင်ပါစေကြောင်း။     ။

(မြန်မာ့အလင်း)