တည်ငြိမ်ဖွံ့ဖြိုးမှု၏ ဗီဇစိတ်ဓာတ်

၁၃ ဒီဇင်ဘာ

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် (၁၃)ကြိမ်မြောက် အေဆမ်အစည်းအဝေး တက်ရောက်ရန်လာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့က နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ကြပါသည်။ နိုင်ငံတော်အစိုးရ၏ ပြည်သူလူထု ဆန္ဒအတိုင်း အကောင်အထည်ဖော်ရေးအပေါ် တရုတ်နိုင်ငံက ထောက်ခံခဲ့ခြင်းသည် စစ်မှန်သောအိမ်နီးချင်းကောင်းတို့၏ သဘောထားကို ထင်ဟပ်ပြသခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအပေါ် တရုတ်နိုင်ငံက ပူးပေါင်းထောက်ခံခြင်းသည်လည်း အဆိုပါ အိမ်နီးချင်း ကောင်းစိတ်ဓာတ်ကို ထပ်မံအတည်ပြု ပြသခဲ့ခြင်းဖြစ်ပါသည်။

 

တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု စင်္ကြံတစ်ခုအား ကျောက်ဖြူအထိ စီမံဆောင်ရွက်ရန် နှစ်နိုင်ငံကြား သဘောတူခဲ့ခြင်းသည် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည်သာမက ကျယ်ပြန့်သောဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုပါ ခိုင်မာအားကောင်းစေမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အရေး ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကူညီပံ့ပိုးသင့် သည်ဟူသော တရုတ်နိုင်ငံ၏ သဘောထားသည် ပြဿနာပြေလည်ရေးကို ဦးတည်စေသည့်အပြုသဘောထားဖြစ်သည်ဟု ရှုမြင်သုံးသပ်ပါသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့အကြား ရခိုင်ပြည်နယ်ကိစ္စဖြေရှင်းရေး အခန်းကဏ္ဍသုံးရပ်အပေါ် အမြင်သဘောထားတူညီခဲ့ခြင်းသည် ကောင်းမွန်သော ဖြေရှင်းချက်တစ်ရပ် ရရှိရေးအတွက် အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းသစ်တစ်ရပ် ဖြစ်ပါသည်။ ပစ်ခတ်တိုက်ခိုက်မှုများ နောက်ထပ်မဖြစ်ပေါ်သည်အထိ တည်ငြိမ်မှုနှင့် အေးချမ်းမှုထိန်းသိမ်းရေးသည် ပထမအခန်းကဏ္ဍ၊ နည်းလမ်းကောင်းများ ရှာဖွေရေးသည် ဒုတိယအခန်းကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးသည် တတိယအခန်းကဏ္ဍဟူသော ဤချဉ်းကပ်ပုံသည် ရခိုင်ပြည်နယ်၌ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ ဖန်တီးနိုင်ရေးအတွက် ပြီးပြည့်စုံသော ချဉ်းကပ်မှုဖြစ်ပါသည်။

 

ရခိုင်ပြည်နယ်အရေး၏ ရှုပ်ထွေးနက်နဲသိမ်မွေ့သော သဘောသဘာဝအပေါ် တရုတ်နိုင်ငံ၏ နားလည်မှုအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိအမှတ်ပြုစကားပြောကြားခဲ့ခြင်းသည် အိမ်နီးချင်း နှစ်နိုင်ငံ၏ စိတ်စေတနာကောင်းကို ထပ်မံ မီးမောင်းထိုးပြသလိုက်ခြင်း ဖြစ်ပါသည်။ အင်အားနှင့်အတိုင်းအဆအရ အလွန်ကွာခြားသော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့၌ တစ်ထပ်တည်းသော သဘောထားရှိသည် ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှတ်ချက်သည် မိတ်ဆွေကောင်း စိတ်ဓာတ်၏ အနှစ်သာရကိုထင်ဟပ်နေပါသည်။ အိမ်နီးချင်းနိုင်ငံတို့အဖြစ် အမြဲတည်ရှိနေမည့် နိုင်ငံတို့အကြား မိတ်ဆွေကောင်း စိတ်ဓာတ်အမြဲတမ်း ရှိစေရမည်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခံယူချက်သည် တည်ငြိမ်ဖွံ့ဖြိုးမှု၏ ဗီဇစိတ်ဓာတ်ဖြစ်သည်ဟု လေးစားစွာ တင်ပြအပ်ပါသည်။