တန်ဖိုးကြီးအမှိုက်များကို မလိုအပ်ဘဲ ဝယ်ယူသုံးစွဲခြင်းမှ ရှောင်ရှားကြပါစို့

၁၄ ဇွန်

 

ကျွန်တော်ငယ်ငယ်တုန်းက အဘွားက ပုံပြင်လေးများ၊ စကားပုံလေးများပြောပြပြီး ချော့သိပ်ခဲ့တာကို သတိရမိ သည်။ ဘယ်တော့မှ ပြန်မရနိုင်တော့သော်လည်း အဘွားပြောဆိုခဲ့သော စကားပုံလေးတစ်ခုကို ယနေ့အထိ မှတ်မိ နေသေးသည်။ လိုက်နာကျင့်သုံးဆဲ ဖြစ်သည်။ “တစ်မူး၊ တစ်ပဲ အသုံးရဲ မွဲဆေးဖော်သူ၊ နာလန်မထူ တဲ့။ ရရှိသော လစာဝင်ငွေကိုလွယ်လွယ်မသုံးစွဲရန်၊ ချွေတာစုဆောင်းရန် ဖြစ်မည်။ မလိုက်နာပါက ဆင်းရဲဒုက္ခ ကြုံတွေ့ ရမည်ဟု ဆိုလိုရင်းဖြစ်သည်။ အလားတူပင် ပြောပြခဲ့သော ဂျပန် ရိုးရာပုံပြင်လေးတစ်ပုဒ်ကိုလည်း ရင်ထဲမှာသံမှိုစွဲထား သလို မှတ်မိနေသေးသည်။ ပုံပြင်အကျဉ်းချုပ်ကတော့ ရှေးခေတ်က ဂျပန်နိုင်ငံဟာ အလွန်ဆင်းရဲခဲ့လို့ စားနပ် ရိက္ခာမလောက်မှာ စိုးရိမ်၍ ဆောင်းရာသီ၌ အလုပ် မလုပ်နိုင်တဲ့ အသက်ကြီးနေတဲ့မိဘတွေကို ရေခဲနေတဲ့ တောင်ထိပ်ကဂူတွေထဲကို ပို့ကြတယ်တဲ့။ မိသားစုဝင် တွေကလည်း လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ကြတယ် တဲ့။ တစ်နေ့တော့ အဘိုးကိုသွားပို့စဉ်သူ့မြေးက သူ့အဖေကို မေးတော့ ဖခင်က လူငယ်တွေဝမ်းမဝမှာစိုးလို့ အလုပ်မလုပ်နိုင်တဲ့မိဘတွေကို စွန့်ပစ်တာလို့ပြောတော့ သူ့သား က ပြောတယ်တဲ့။ သားလည်း အဖေအသက်ကြီးရင် ဒီနေရာကို ထမ်းပို့နိုင်ဖို့ လုပ်ရဦးမှာပဲနော်လို့ ပြောတော့ သူအတော်အံ့သြသွားတယ်။ ငါလည်း ဒီလိုဖြစ်လာမှာပါလားလို့ တွေးမိပြီး ဘယ်သူမှမသိအောင် သူ့ဖခင်ကို အိမ်ပြန်ခေါ်ခဲ့ပြီး ရိက္ခာရှားပါးတဲ့ ဆောင်းရာသီကို ချွေတာ စားရင်း ဖြတ်သန်းကြတယ်တဲ့။ တစ်ဦးကနေ တစ်ရာဆိုသလို အခြားရွာသားတွေလည်း မိဘတွေကို မစွန့်ပစ်ရက်တော့ဘူးတဲ့။ ဆိုလိုချင်တာကတော့ အသက် အရွယ်ကြီးရင့်သည့်မိဘများကို ဂရုစိုက်ဖို့၊ ခြိုးခြံချွေတာ စားသောက်မှ အရာရာအောင်မြင်နိုင်ကြောင်းဆိုလို သည်ဟု ထင်မိသည်။

 

အခက်အခဲများစွာ ကြုံတွေ့နေရ

 

မြန်မာနိုင်ငံတွင်မူ ကွာခြားလှသည်။ ရှေးဘိုးဘွား များကဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံဆိုသည့် စာချိုးကဲ့သို့ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ အလျှံပယ် ထွက်ရှိသည်။ သဘာဝကပေးသော မြေဆီမြေနှစ်များကို ပိုင်ဆိုင်ထား၍ လိုအပ်သလောက် မသုံးဘဲ ပိုပိုလျှံလျှံ အလျှံပယ်ထုတ်ယူသုံးစွဲကြသဖြင့် စွန့်ပစ်မှုများကို လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်နေကြသည်။ ထမင်း၊ ဟင်းများကို လိုသလောက်သာမချက်ဘဲ ပိုပိုလျှံလျှံ ချက်ထား၍ စွန့်ပစ်ရသည်။ အချိန်ကုန်၊ ငွေကုန်၊ လုပ်အား ကုန်သည်။ အခြားရေ၊ ဟင်းသီးဟင်းရွက်များ၊ လူသုံး၊ အိမ်သုံးပစ္စည်းများတွင်လည်း အလားတူပင်ဖြစ်သည်။ သို့သော် အခြားနိုင်ငံများမှစွန့်ပစ်သော ယာဉ်မျိုးစုံ၊ စက်ပစ္စည်းမျိုးစုံ၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ စားသောက် ကုန်မျိုးစုံကိုမူ ခုံခုံမင်မင်ဖြင့် တန်ဖိုးကြီးပေးကာ ဝယ်ယူ နေကြပြန်သည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံတွင် ပြည်တွင်းမှ စွန့်ပစ်ပစ္စည်း၊ ပြည်ပမှ စွန့်ပစ်ပစ္စည်းများ ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

 

မိသားစု နေ့စဉ်သုံးစွဲလျက်ရှိသော လူသုံး၊ အိမ်သုံး ပစ္စည်းများအား အတိုင်းအတာ၊ အချိန်ကာလအလိုက် ဆင်ခြင်သုံးစွဲသင့်ပါသည်။ အတိုင်းအဆထား၍ ချက်ပြုတ်ကြော်လှော် သုံးစွဲသင့်သည်။ စက်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများကိုလည်း ပိုမိုကြာရှည်ခံအောင် ရိုသေစွာ ကိုင်တွယ်အသုံးပြုသင့်သည်။ သို့မှသာ မကုန်သင့်တာ မကုန်ဘဲ ပိုလျှံလာမည် ဖြစ်သည်။ အပိုထွက်လာသော စုဆောင်းရရှိမှုများကို ဘဝတိုးတက်ရေး၊ လူနေမှုဘဝ အဆင့်မြင့်မားရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

 

အမှိုက်များစုပုံလာ

 

ကျွန်တော်တို့နိုင်ငံတွင်လည်း ဝက်သား၊ ကြက်သားများ လတ်လတ်ဆတ်ဆတ်ရှိပါလျက် ဓာတုဆေးသုံး၊ တာရှည်ခံဆေးသုံးထားသည့် ဝက်အူချောင်း၊ ကြက်အူချောင်းများကို ခုံခုံမင်မင် စားလာကြသည်။ သစ်သားဖြင့် ပြုလုပ်သော ပရိဘောဂများရှိပါလျက် နိုင်ငံခြားမှတင်သွင်း လာသော စွန့်ပစ်အမှိုက်များဖြင့် ပြုလုပ်ထားသည့် ကြိတ်သားများကို ပလတ်စတစ်ဖြင့် အမြင်လှလှ ဖုံးအုပ် ထားသည့် ပရိဘောဂများကို မြတ်မြတ်နိုးနိုး အသုံးပြုလာ ကြသည်။ အလားတူပင် အခြားပြည်ပနိုင်ငံများမှ အသုံးပြု ပြီးသား တစ်ပတ်ရစ်စက်ပစ္စည်းပေါင်းစုံကို ဈေးပေါပေါဖြင့် ဝယ်ယူ၍ ပြန်လည်ပြင်ဆင်ရောင်းချကြသည်။ ထိုအချက်များကြောင့်ပင် မြန်မာနိုင်ငံတွင် အမှိုက်များစုပုံလာသည်။

 

အထူးသဖြင့် တစ်ပတ်ရစ်ယာဉ်များကို စီးပွားရေး ကျင့်ဝတ်နှင့်အညီ ထုတ်လုပ်ထားခြင်းမရှိသည့် ယာဉ်များကို ပေါချောင်ကောင်း တင်သွင်းလာသော စီးပွားရေး လုပ်ငန်းရှင်အချို့ကြောင့် မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများမှ စွန့်ပစ်သော ယာဉ်အို၊ ယာဉ်ဟောင်းများ စွန့်ပစ်ရာ ယာဉ်သင်္ချိုင်းကြီးဖြစ်လာပါသည်။ တာဝန်ရှိသူများက ယာဉ်တင်သွင်းမှုမူဝါဒများချမှတ်ကာ ဆောင်ရွက် ခဲ့သဖြင့် ထိုက်သင့်သော အောင်မြင်မှုများရရှိခဲ့သည်။ အလားတူပင် အခြားတန်ဖိုးကြီး ကုန်စည်များဖြစ်သည့် တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စသည့်တန်ဖိုးကြီးပစ္စည်း တစ်ပတ်ရစ်များကို အခြားနိုင်ငံများမှ စွန့်ပစ်ပစ္စည်းများသဖွယ် တင်သွင်းမှုများကို မိမိအမြတ်ရရှိမှုတစ်ခုတည်း ကိုသာကြည့်၍ မြန်မာပြည်တွင်း ပြန်လည်မွမ်းမံကာ ရောင်းချကြသဖြင့် အချိန်တိုအတွင်းပျက်စီးကာ အမှိုက်များအဖြစ် ကျန်ရှိနေခြင်းက သက်သေများပင် ဖြစ်သည်။

 

နေထိုင်စားသောက်မှုပုံစံများကို ပြုပြင်ပြောင်းလဲပေးရန် လိုအပ်

 

မြန်မာနိုင်ငံသားများ ကျန်းမာစွာဖြင့် သက်တမ်းစေ့ နေထိုင်နိုင်ရေးအတွက်မူ နေထိုင်စားသောက်မှုပုံစံများကို ပြုပြင်ပြောင်းလဲပေးရန် လိုအပ်လာပါသည်။ မြန်မာနိုင်ငံသို့ တင်သွင်းလာသော လူသုံး၊ အိမ်သုံးပစ္စည်းများနှင့် ပတ်သက်၍ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိ/မရှိ စသည်တို့ကိုထိန်းသိမ်းကြပ်မတ်ရန် လိုအပ်လာပါသည်။ ထိုအချက်များကြောင့်ပင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ကို ပြဋ္ဌာန်းကာ စားသုံးသူများ နှင့် လုပ်ငန်းရှင်များကို အသိပညာပေးခြင်း၊ ဟောပြောဆွေးနွေးခြင်း၊ စစ်ဆေးကြပ်မတ်၊ အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

စားသုံးသူများနှင့်ပတ်သက်၍ စားသုံးသူအခွင့် အရေးများ အပြည့်အဝရရှိရေး၊ လိမ်လည်လှည့်ဖြားခံရမှုများမှ ကင်းဝေးရေး၊ အရည်အသွေးစံနှုန်းသတ်မှတ်ချက် များနှင့်အညီ ထုတ်လုပ်ထားသော လူသုံးအိမ်သုံး ဝန်ဆောင်မှုများ သုံးစွဲရယူဆောင်ရွက်နိုင်ရေး၊ နစ်နာ ဆုံးရှုံးမှုများနှင့်ပတ်သက်၍ ကုစားဖြေရှင်းပေးနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသလို လုပ်ငန်းရှင်များနှင့် ပတ်သက်၍လည်း စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း များနှင့်အညီ ဆောင်ရွက်ရေး၊ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်များနှင့်အညီ တင်သွင်း၊ တင်ပို့၊ ဖြန့်ဖြူး ရောင်းချရေး၊ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်အဝရရှိ ရေးအတွက် ဆောင်ရွက်ပေးရေး စသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

သက်တမ်းစေ့နေထိုင်နိုင်မည်ဖြစ် ဆိုလိုသည်မှာ စားသုံးသူရော၊ လုပ်ငန်းရှင်ပါ မိမိတို့၏ ကိုယ်ပိုင်ဘဝများ မြင့်မားတိုးတက်ရေး၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူများက ခြိုးခြံ ချွေတာပြီး အန္တရာယ်ကင်း၍ အာဟာရပြည့်ဝသောအစား အစာများကို စားသုံးခြင်း၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော လူသုံး၊ အိမ်သုံးဝန်ဆောင်မှုလုပ်ငန်းများကို ရယူ သုံးစွဲဆောင်ရွက်ရန် လိုအပ်ပါသည်။ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်ဆောင်ရွက်သော လူသုံး၊ အိမ်သုံးဝန်ဆောင်မှုလုပ်ငန်းများကို စေတနာထားဆောင်ရွက်ရပေမည်။ မိမိ၏ မိသားစုဝင်များ ရယူသုံးစွဲသကဲ့သို့ အလေးအနက်ထားဆောင်ရွက်စေချင်ပါသည်။ သို့မှသာ နှစ်ဦးနှစ်ဖက် အန္တရာယ်ကင်းရှင်းကာ သာယာဝပြောသော လူ့ပတ်ဝန်းကျင်တွင် သက်ရှည်ကျန်းမာစွာဖြင့် သက်တမ်းစေ့နေထိုင်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ အားလုံးကိုယ်စီအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်။

 

ကြုံတွေ့ရလျက်ရှိ သို့သော် ပြည်တွင်းထွက်ကုန်ပစ္စည်းများကို တန်ဖိုး ထားသုံးစွဲရမည့်အစား၊ ရေရှည်အသုံးပြုနိုင်ရန် ရွေးချယ်ရမည့်အစား ပြည်ပမှထုတ်လုပ်သော လူသုံး၊ အိမ်သုံး ပစ္စည်းများဖြစ်သည့် ရေခဲသေတ္တာ၊ အဲကွန်း၊ ကွန်ပျူတာ စသည့်တန်ဖိုးကြီးစက်ပစ္စည်း အမျိုးမျိုးကို ခုံမင်တန်ဖိုးထားကာ ဝယ်ယူသုံးစွဲကြသဖြင့် ခဏလေးနှင့်ပျက်စီးကာ မကြာခဏပြုပြင်နေရခြင်း၊ ဝင်ငွေနည်းပါးလာခြင်း၊ ကျန်းမာရေးထိခိုက်လာခြင်းများ ကြုံတွေ့ရလျက် ရှိပါသည်။

 

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရှိ ပြည်သူများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပမှအသုံး မလို၍ စွန့်ပစ်ထားသော တစ်ပတ်ရစ်ပစ္စည်းအမှိုက်များ အစား ရေရှည်အသုံးပြုနိုင်သော၊ ကြာရှည်ခိုင်ခံ့သော စက်ပစ္စည်းအသစ်များကို တင်သွင်း၊ ဝယ်ယူအသုံးပြု စေချင်ပါသည်။ ပြည်တွင်းထုတ်ကုန်များကို အမြတ်တနိုး တန်ဖိုးထား ဝယ်ယူအသုံးပြုစေချင်ပါသည်။ သို့မှသာ နိုင်ငံခြားငွေမကုန်တော့ဘဲ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို အားပေးမြှင့်တင်ရာရောက်သလို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရာရောက်မည် ဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ ။

 

နိုင်ဦး (DOCA)