တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၄ နိုဝင်ဘာ

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ မေးမြန်းသည့် “နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေထိုင်ရေးအဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ဝန်ထမ်းများအား စစ်တမ်းကောက်ယူထားမှုအခြေအနေ၊ အကောင်အထည်ဖော် ပြီးစီးမှုရာခိုင်နှုန်းနှင့် မည်သည့်ကာလတွင် ဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်နိုင်မည်ကို သိရှိလိုခြင်း” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။

 

အဆိုပါမေးမြန်းမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ အငြိမ်းစားယူသည့်အခါတွင် နေထိုင်ရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ (၃)နှစ်အတွင်း အငြိမ်းစားယူကြမည့် နိုင်ငံ့ဝန်ထမ်းများ အပြီးအပိုင်ရောင်းအိမ်ရာများ ဆောက်လုပ်နိုင်ရန် အိမ်ရာလိုအပ်ချက်မေးခွန်းလွှာများကို ၂၀၁၇ ခုနှစ်တွင် ဝန်ကြီးဌာနများသို့ ဖြန့်ဝေပေးပို့ပြီး အိမ်ရာလိုအပ်ချက်စစ်တမ်းများ ကောက်ယူခဲ့ရာ တစ်နှစ်လျှင် အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်းဦးရေ (၂၀ဝ၀ဝ)ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူ လိုသည့်အတွက် အိမ်ရာလိုအပ်ချက်ပေါင်း တစ်နှစ်လျှင် (၁၃၀ဝ၀)ယူနစ်ကျော် ဆောက်လုပ်ပေးရမည်ဖြစ်ပါကြောင်း၊ အများစုသည် အိမ်ရာချေးငွေနှင့် ဝယ်ယူလိုခြင်းဖြစ်ပြီး အငြိမ်းစားယူချိန်တွင် အခြေချနေထိုင်လိုသည့် မြို့များမှာ ရန်ကုန်မြို့ (၁၀၈၁၉)ဦး၊ မန္တလေးမြို့ (၃၆၆၃)ဦး၊ နေပြည်တော် (၁၁၂၅)ဦးနှင့် အခြားမြို့များကိုလည်း ဆန္ဒပြုထားပါကြောင်း။

 

အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သည့် နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၁၅)ဘီလီယံနှင့် အငှားအိမ်ရာအခန်းပေါင်း (၈၁၂)ခန်း တည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း (၁၂၀) ထပ်မံတည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့အသီးသီးတွင်လည်း နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်းပေးလျက်ရှိပြီး အိမ်ခန်းများချထားရေးကို တာဝန်ယူ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်းပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း (၈၄၁၆)ခန်း တည်ဆောက်ရောင်းချပေးလျက်ရှိပြီး အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိပါကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျ ခွဲဝေရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

 

MDN

ကိုးကား/ဓာတ်ပုံ- အမျိုးသားလွှတ်တော်