တန်ဖိုးရှိသောဘဝနှင့် ဘဝကိုအဓိပ္ပာယ်ရှိရှိနေကြရအောင်ပါ

ဒေါက်တာမြတ်မိုး

တန်ဖိုးရှိတဲ့ လူ့ဘဝတစ်ခုမှာ မိမိတို့ဘဝတွေကို ဘယ်လိုတန်ဖိုးထားသင့်ကြ ပါသလဲ၊ ဘဝရဲ့တန်ဖိုးတွေကို တိုးတက်အောင်မြှင့်တင်ပြီး ဘဝကိုအဓိပ္ပာယ်ရှိရှိ နေထိုင်ဖြတ်သန်းကြရမယ်မဟုတ်ပါလား.. ။

ဘဝရဲ့အဓိပ္ပာယ်ကို ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ အရိပ်အခြည်မျှမက ယခုထက်ပိုပြီး တွေးဆသင့်တယ်လို့ မြင်မိပါတယ်။ မြတ်စွာဘုရားရဲ့အလိုအရ ကျွန်တော်တို့ဟာ ကံနဲ့ ကံရဲ့အကျိုးအဖြစ်ပြုမူလိုက်တဲ့ စေတနာကံနဲ့စပ်ပြီး ဖြစ်တဲ့အကျိုးတရားကို ဘဝလို့ ယုံကြည်ထားပါတယ်။ ကံကြောင့်ရတဲ့ကမ္မဘဝနဲ့ ဒီရုပ်၊ ဒီနာမ်၊ ဒီခန္ဓာ ဥပပ္ပတ္တိဘဝရယ်လို့ ဆိုကြစို့ရဲ့၊ လွယ်လွယ်မှတ်ရင် ဘဝဆိုတာကံပါပဲ။ ကျွန်တော်တို့နေ့စဉ်ပြုမူမိနေတဲ့ သုစရိုက်၊ ဒုစရိုက်တွေဟာ ကမ္မဘဝတွေပဲ ဖြစ်ပါတယ်။ ယခုတိုက်ရိုက်ရထားတဲ့ဘဝက ကာမဘဝဖြစ်နေပြီး ကာမဘဝကိုဖြစ်စေတဲ့ ဥပါဒါန်ဟူသော အကြောင်းအကြောင်းတွေနဲ့အတူ ကံတွေလုပ်ခဲ့ကြလို့ပါပဲ။

လိုချင်လို့၊ စွဲလန်းလို့၊ အယူမှားတွေ စွဲစွဲလမ်းလမ်းလက်ခံမိလို့၊ မကောင်းတဲ့ အလေ့အကျင့်တွေကို စွဲစွဲမြဲမြဲလုပ်ခဲ့လို့၊ အတ္တကိုတရားသေလက်ကိုင်ထားခဲ့ကြလို့ ဘာတစ်ခုမှ အကြောင်းမလှခဲ့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားသာသနာနဲ့ ကြုံခိုက်အသစ်အသစ်တွေ တစ်ဘဝပြီး တစ်ဘဝပြောင်းနေတိုင်းမှာ တန်ဖိုးရှိမယ့်ဘဝတွေ တည်ဆောက်ခွင့်ရတာကိုက ကံကောင်းလွန်းလှပြီဟုသာ ဆိုရပါတော့မယ်။

ကိလေသာတွေနဲ့

အများအတွက်အနစ်နာခံ ကိလေသာနည်းအောင်နဲ့ ဘဝသံသရာမှလွတ်မြောက်ဖို့ ကြိုးစားအားထုတ်မှု‌အချို့ လေ့လာတွေ့ရှိရပေမယ့် အင်မတန်နည်းပါးပါတယ်။ လိုချင်လွန်းအားကြီးလို့ ရပြီးတော့လည်း မပျက်စီးမယုတ်လျော့ရလေအောင် စောင့်ရှောက်ရပြန်တဲ့ ဒုက္ခတွေ၊ လောကကြီးကနေ မိမိအတွက်ဘာရမလဲ ဆိုတာပဲ အမြဲတွေး၊ မတရားရှာရ၊ ဖွေရတာတွေ၊ ကိုယ့်ပစ္စည်းတော့ မပေးချင်သူများပစ္စည်းတော့ ယူချင်တဲ့မတော် လောဘတွေ၊ ဒီဘက်ခေတ်မှာ ပေးဖို့ထက် ယူဖို့ကိုသာ အားသန်လာကြပြီ၊ သူများကိုပေးရတာကိုက အကျိုးမရှိလို့ မြင်သူတွေများလာကြပြီ။ ဒါကြောင့် အများအတွက်ထက် မိမိအတွက်ပဲ ကြည့်လာကြတယ်။ အများနဲ့အတူလုပ်ရတဲ့ အဖွဲ့လိုက်အလုပ်တွေမှာ အနစ်နာမခံလို တွက်ကတ်တတ်လာပြီး ရှောင်ဖယ်ရတာကိုက ဂုဏ်ယူစရာလို့ ထင်လာကြတယ်။

အနာခံဖို့ထက် အသာစံရဖို့က အဓိက ဖြစ်လာခဲ့ရပြီ။ လိုချင်တာမရတော့ သူ့အကျိုးစီးပွားပျက်ကြောင်း တိုက်ကြခိုက်ကြသတ်ကြဖြတ်ကြပေါ့။ မိမိရပိုင်ခွင့်အတွက် သူတစ်ပါးကို ဖျက်ဆီးဖို့ဝန်မလေး၊ အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစား အပြိုင်အဆိုင် ကြိုးစားကြရင်း ရန်သူတွေဖြစ်ကြ‌ရ၊ တစ်ဖန်အမိအဘကို ပြစ်မှား၊ ဆရာ သမားကိုလည်း စော်ကားရဲလာကြပြီ။ ဒီလိုပြစ်မှားလို့လည်း အကုသိုလ်ရဲ့ အကျိုးဆိုတာမရှိ အဓမ္မဝါဒအမျိုးမျိုးပါ တစ်စတစ်စပျံ့နှံ့လာသည်အထိ အယူမှားကုန်ကြတာ၊ ဒါကြောင့်လည်း အကျင့်တွေပျက်၊ သီလခက်၊ သိက္ခာတွေပါမဲ့ လာကြတယ်ထင်ပါရဲ့။ စင်ကြယ်မှုဆိုတာ အလကား ကိုယ်လုပ်မှကိုယ်စားရ၊ မှန်မှန်မှားမှား ဂရုစိုက်စရာမလို အရှိတရားအလေးထား အသိတရားကို မျက်ကွယ် ပြုတတ်လာကြတာ၊၊

သတိပညာနဲ့အတူ ဘယ်လိုစိတ်ကောင်းထားသင့်ပါသလဲ

ကောင်းတဲ့ကံတွေ ထူထောင်ရင် ကောင်းတဲ့ဘဝရောက်မယ်၊ မကောင်းတာတွေလုပ်မိရင် မကောင်းတဲ့ဘဝ ရောက်ကြရလိမ့်မယ်လို့ ရိုးရိုးလေး သိထားကြပေမယ့် သတိမရှိတော့လည်း လုပ်မိကြပြန်တယ်။ တချို့ကလည်းမသိလို့ တစ်နည်းပညာမဲ့လို့ပေါ့။ အကောင်းအဆိုး၊ အကြောင်းအကျိုး အတုအစစ်၊ အကျိုးအပြစ်မသိ ကုသိုလ်အကုသိုလ် မသိ၊ ဒုစရိုက်၊ သုစရိုက်မသိ၊ မဟုတ်တာ ကိုအဟုတ်ထင်၊ မှန်တာကို အမှန်မထင်မှုတွေက လုပ်မိရာရာလုပ်မိတတ်ကြတယ်။

ကုသိုလ်ကို ကုသိုလ်မှန်းမသိတာက တော်ပါသေးတယ်၊ အကုသိုလ်ကို အကုသိုလ်မှန်းမသိတာက ပိုဆိုးတာပေါ့။ ဒါကြောင့် “လူတော်အများ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်၊ အကုသိုလ်၊ ထိုထိုဘုံဘဝမသိရ၊ များလှအပြစ်တွေ” ဟု ဆရာတော်ကြီးများက မိန့်တော်မူ ခြင်းဖြစ်ကြောင်း နာကြားခဲ့ရဖူးပါတယ်။ ပညာအသိနဲ့အတူ ကိုယ့်ရဲ့လုပ်ငန်းအပေါ်မှာ ဘယ်လိုနှလုံးသွင်းရမယ်၊ ဘယ်လိုစိတ်ကောင်းထားဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို ဆရာတော်ကြီးများက ထောက်ပြခဲ့ခြင်းဖြစ်ပါတယ်။ ထိုအခါသတိနဲ့ပညာဟာ မိမိဘဝအတွက်အလွန် အရေးကြီးကြောင်းနဲ့ တရားအသိတိုးသည် ထက်တိုးဖို့ လိုအပ်လာကြောင်းလည်း အလေးအနက်ထားမိလာပြန်တယ်။

သတိမရှိတဲ့စိတ်ဟာ မောဟဖြစ်နေပါတယ်။ ထို့ကြောင့် သတိရှိခြင်းက အသိဉာဏ်ကိုတိုး‌စေသလို စိတ်ရဲ့အရည်အချင်း တစ်ခုလည်းဖြစ်လာပါတယ်။ သတိရှိနေရင် ကိုယ်ဘာလုပ်နေသလဲ၊ ဘာတွေးနေသလဲ သိနေပါတယ်။ သတိနဲ့ဉာဏ်ပညာ နုံ့နဲ့ကြတဲ့အခါ လောဘ၊ ဒေါသ၊ မောဟတွေ ထူပြောလာပြီးမာနတွေပြိုင်၊ မနာလိုဝန်တိုမှု‌တွေ ဖြစ်ကြရတယ်၊ ယုံမှားသံသယတွေဝင်ကြတယ်၊ အယူမှားပြီးတွေဝေမိုက်မဲကြတယ်၊ အရှက်အကြောက်မရှိ လုပ်ရဲကိုင်ရဲလာကြတယ်။ ယခုခေတ်ကာလများကိုပဲကြည့်ပါ။

စစ်မက်ဘေး ကိုဗစ်ကပ်နဲ့ ကင်ဆာတို့လို ရောဂါဆိုးတွေ၊ တောမီးလောင်၊ ငလျင်၊ ရေကြီး စတဲ့ သဘာဝဘေး၊ အငတ်ဘေးကပ်ကြီးများက မကြုံစဖူး ကမ္ဘာတစ်ဝန်းခြေဆန့်နေပြီဖြစ်ပါတယ်။ ယနေ့ခေတ်လူတွေမှာ အတွင်းအပြင် ပဋိပက္ခနဲ့ ဖိစီးမှုတွေက ပိုများလာတယ်။ မိမိကချည်း အသာရလိုစိတ်နဲ့ စိတ်ထားညံ့သူတွေချည်း ပြိုင်ကြဆိုင်ကြတဲ့ဝန်းကျင်မှာ ငြိမ်းချမ်းမှုမရှိတာ မဆန်းပါဘူး။ နောက်ဆုံးပျက်စီးမှုတွေနဲ့သာ ပူလောင်ကြရပြီး လူတွေရဲ့သက်တမ်းလည်း တဖြည်းဖြည်းတိုတောင်းလာတာ တွေ့ရတယ်။

ထိုမျှမက ရှည်လျားလှတဲ့ သံသရာခရီးရှည်ကြီးမှာ ဘဝပေါင်းများစွာအတွက် မစဉ်းစားဘဲ တစ်ဘဝစာပဲ စဉ်းစားကြလို့ ဖြစ်ပါလိမ့်မယ်။ မြင်အောင်ကြည့်ရင် ကိုယ့်ထက်ဒုက္ခရောက်ဆင်းရဲ နေရသူတွေ၊ ကရုဏာထားရမယ့်သူ‌တွေ ပတ်ဝန်းကျင်မှာ အများကြီးရှိသလို သူလို ကိုယ်လို မေတ္တာထားရမယ့်သူတွေလည်း များစွာရှိနေပါတယ်။ မေတ္တာဆိုတာ သူတစ်ပါးကို အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ သူ့အကျိုးကို လိုလိုလားလား ဆောင်ရွက်ပေးတတ်တဲ့တရားမို့ အခုလို အများ အကျိုး အဓိကထားသူတွေဟာ မေတ္တာပါရမီရှိသူတွေပါပဲ။ မချစ်မမုန်း၊ ချမ်းသာဆင်းရဲကြား အလယ်အလတ်သဘောထားရှိတာနဲ့ မရှိတာအကြား၊ အပူနဲ့အအေးကြား တစ်တန်းတည်းထားနိုင်သူတွေဟာ ဥပေက္ခာပါရမီ ရင့်သန်သူတွေဖြစ်ကြပြီး တကယ်လည်း အဂတိတရားကင်းသူတွေလည်း ဖြစ်နေတတ်ပါတယ်။ ဥပေက္ခာသဘောဟာ သည်းခံခြင်း၊ ခန္တီနှင့်လည်း ဆက်စပ်တယ်ဆိုတာ လေ့လာမိတယ်။

ဘာလုပ်လုပ် ဘာစိတ်နဲ့ လုပ်နေသလဲဆိုတာက အရေးကြီး

ဒါတွေအားလုံး လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရား ဆိုးတွေကြောင့်ဖြစ်ရတာ။ ဘာလုပ်လုပ် မိမိဘာစိတ်နဲ့ လုပ်နေသလဲဆိုတဲ့အချက်က အရေးကြီးပါတယ်။ ကုသိုလ်စိတ်နဲ့လား၊ အကုသိုလ်စိတ်နဲ့လားပေါ့။ မိမိထားလိုက်တဲ့ ကုသိုလ်၊ အကုသိုလ်စိတ် အပေါ်မှာသာမူတည်ပြီး ကုသိုလ်၊ အကုသိုလ်ကံမြောက်သွားခြင်း ဖြစ်ပါတယ်။ စိတ်မှာသတိရှိပြီးနေလိုက်ခြင်းက ချမ်းသာခြင်းအစစ်ကို ပေးတဲ့အတွက် ကိုယ်ထားလိုက်တဲ့စိတ်ကပဲ မိမိကို မိတ်ဆွေသို့မဟုတ် ရန်သူအဖြစ်ရောက်သွားစေတာပါ။

ထိုစိတ်နှစ်ခု ကွဲကွဲပြားပြားနဲ့ ခွဲခြားနိုင်ဖို့က သတိတစ်ခုက အရေးကြီးကြောင်းတော့ သိပြီးဖြစ်မှာပါ။ ဒါကြောင့်လည်း သတိဆိုတဲ့တရားလေးတစ်ခု ထူထောင်ဖို့ ဘာဝနာအတွက် အချိန်ပေး၊ နေရာပေးသတိပဋ္ဌာန်နည်းအားဖြင့် ကြိုးစားအားထုတ်ကြခြင်း ဖြစ်ဟန်တူပါတယ်။ ရလာတဲ့အကျိုးတရားက သတိအပြင် ဝီရိယပါထားတတ်လာခြင်းပါ။ ဝီရိယရဲ့ အကျိုးကျေးဇူးက မဖြစ်သေးတဲ့အကုသိုလ် မပြုဖြစ်အောင်၊ ဖြစ်ပြီးတဲ့ အကုသိုလ်ဆက်ပြီးမဖြစ် ပယ်သတ်နိုင်အောင်၊ ပြုပြီးကုသိုလ်ဆက်ပြီးတည်တံ့တိုးပွားအောင်၊ မပြုရသေးတဲ့ကုသိုလ် ပြုဖြစ်သွားအောင် လုံ့လ၊ ဝီရိယစိုက်ထုတ်ခြင်းဆိုတဲ့ စိတ်စွမ်းအားကို ပေးပါတယ်။ ဒါန၊ သီလ၊ ဘဝနာကုသိုလ်အလုပ်တွေမှာ လှူပြီးရင်းလှူ၊ ဆောက်တည်ပြီးရင်း ဆောက်တည်၊ ပွားပြီးရင်းပွားနေတဲ့ ကုသိုလ်အလုပ်တွေဟာ ဝီရိယကြောင့်ပါပဲ။

ဒါကြောင့်ပဲ အချို့သောပါရမီရှင် (အများအတွက်၊ သံသရာအတွက်၊ သာသနာအတွက် မြင့်မြတ်သောအလုပ် ကိုလုပ်သူ) တွေဟာ မိမိရဲ့ခန္ဓာအသက် ကိုပင်မငှဲ့ဘဲ ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေကို အားထုတ်ကြခြင်းဖြစ်ပါတယ်။ သူတို့ဟာ လောကအပေါ်သစ္စာရှိပြီး လောကအကျိုးအတွက် အဓိဋ္ဌာန်ထားသူ‌တွေပါ။ ဆင်းရဲသူ၊ ပစ္စည်းဥစ္စာချို့တဲ့သူ၊ ငယ်ရွယ်သူကို ဘယ်လိုအကြောင်းပဲရှိရှိ၊ မိမိထက်နိမ့်ပါးသူအဖြစ် သဘောထား ပေးကမ်းစွန့်ကြဲခြင်းဟာ သူတော်ကောင်း တို့ရဲ့ စိတ်နေသဘောထားတွေပါပဲ။ မိမိထက်အသက်ကြီး ကျေးဇူးရှိဖူးသူကို ဆရာသမား၊ မိဘလိုသဘောထား၊ ဂါရဝထားကန်တော့ခြင်းဟာလည်း မြင့်မြတ်တဲ့ အလုပ်တွေပဲဖြစ်ပြီး ကျေးဇူးသိတတ်ခြင်းဟာ ကုသိုလ်စိတ်လို့ ဆရာတော်များ ဟောကြားချက်များစွာ ရှိပါတယ်။ ဘယ်လိုကုသိုလ်ကောင်းမှုပင်ဖြစ်ပါစေ။ သံသရာမှလွတ်မြောက်ကြောင်း သံသရာအတွက်ရည်မှန်းမှသာလျှင် ဉာဏ်နဲ့ယှဉ်တဲ့ ပါရမီမြောက်ကြောင်းကို မှတ်သားနာယူဖူးပါတယ်။

ဒီဆောင်းပါးရဲ့လိုရင်းအနှစ်သာရကတော့ ဆရာတော်ကြီးများရဲ့ ဓမ္မတရားများကို နာယူသင်ကြားပြီး ရရှိလာတဲ့ အသိတွေနဲ့အတူ မိမိတို့လက်ရှိပစ္စုပ္ပန်ဘဝမှာ ပိုင်ဆိုင်ထားတဲ့ ဘဝတန်ဖိုးကို အဓိပ္ပာယ်ရှိရှိ အသုံးချစေချင်တာပါပဲ။ အတိတ်ကံကောင်းလို့ ရခဲလှတဲ့လူ့ဘဝမှာ ကိလေသာတရားဆိုးတွေကို တတ်နိုင်သမျှလျှော့ချပြီး မြင့်မြတ်တဲ့ စိတ်ထားကောင်းနဲ့ မြင့်မြင့်မြတ်မြတ်အလုပ်တွေကို လုပ်သွားနိုင်အောင် ထပ်ဆင့်မျှဝေရ ခြင်းဖြစ်ပါတယ်။

မြင့်မြတ်တဲ့အလုပ်နဲ့ ကိလေသာတိုး တဲ့အလုပ်နှစ်ခုကြား များစွာကွာဟတဲ့အတွက် ဖြည့်ဆည်းရန် အဓိကလိုအပ်နေတဲ့ အချက်နှစ်ချက်ကိုသာ ဦးတည်သင့်ပါတယ်။ မိမိအကျိုးထက် အများအကျိုးကို ပိုပြီးစဉ်းစားနိုင်ရန်နဲ့ ကိုယ့်ဘက်က အသာစံရဖို့ထက် အနာခံတဲ့ စိတ်တွေပွားများ စေလိုရင်းဖြစ်ပါတယ်။ အများအကျိုးအတွက်ရည်ရွယ်ရင် အများရဲ့ မေတ္တာကိုရပါတယ်။ လုပ်တဲ့အလုပ်မှာသာ ဘဝသံသရာကလွတ်မြောက်ပါစေ၊ သာသနာအတွက်ဖြစ်ပါစေဆိုတဲ့ ရေရှည်ရည်မှန်းချက်လေး ထားလိုက်ရင်ကို ပညာပါတဲ့ ကုသိုလ်ဖြစ်သွားပါပြီ။ အသီးသီးဟာ လောကကြီးကိုမဆိုနဲ့ဦး၊ ကိုယ်နေထိုင်တဲ့ လူ့အဖွဲ့အစည်းလေးအတွင်းမှာပဲ အနစ်နာခံပြီးအများ အတွက်ဆိုတဲ့ ခံယူချက်လေးနှစ်ခုကို ကြိုးစားအားထုတ်ဖြည့်ဆည်းရုံနဲ့ မိမိရဲ့အနာဂတ်ဘဝကော မိမိတို့လူ့အဖွဲ့ အစည်းမှာပါ အထိုက်အလျောက် ငြိမ်းချမ်း သာယာလှပ‌နေမှာ သေချာပါတယ်။

ကပ်ဆိုးဘေးဆိုးတွေကို ရှောင်လို့ရနိုင်တော့မှာမဟုတ်ပေမယ့် ကုသိုလ်ကောင်းမှုတွေ များများလုပ်ကြရင်တော့ တစ်လောကလုံးအတွက်မဟုတ်တောင် မိမိလူ့အဖွဲ့အစည်းလေးကိုတော့ ပြင်နိုင်ပါသေးတယ်။ လက်တွေ့ကျကျနဲ့ ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ဖို့ကတော့ ယနေ့မြင်နေ၊ တွေ့နေရတဲ့ လူကြီး သက်လတ်နှောင်းလူတွေထက် မိမိတို့ သားသမီးအရွယ် အပြစ်ကင်းရိုးသားပရိယာယ် မာယာကင်းတဲ့ ကလေးသူငယ် အနာဂတ်မျိုးဆက်တွေကို ဦးစားပေးပစ်မှတ်ထား အချိန်မီ သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ပေးရမယ့် အချိန်တန်ပြီဆိုတဲ့အချက်ပါပဲ။

သင်ကြားရေးနဲ့အတူ စိတ်ဓာတ်ရေးရာတွေကိုပြင်ပြီး အများအကျိုးအတွက် အနစ်နာခံမယ့် ပါရမီရှင် မျိုးဆက်တွေကို မွေးထုတ်ဖို့ အသင့်ဖြစ်ရပါတော့မယ်။ ယူဖို့လွယ်ပြီး ပေးဖို့ခက် တတ်ကြတဲ့အတွက် အနစ်နာခံတတ်ဖို့နဲ့ အများအကျိုးအတွက် လုပ်ကိုင်ခြင်းဆိုတာ အတော်မလွယ်ကူတဲ့အလုပ်ပါ၊ အချိန်များစွာယူပြီး လေ့ကျင့်ယူရတဲ့ သဘောရှိပါတယ်။ စိတ်ရဲ့အရည်အချင်း တွေနဲ့ မြင့်မြင့်မားမားလုပ်ကြမှသာ ကိုယ်လုပ်တဲ့အလုပ်ဟာ ကုသိုလ်ဖြစ်ပြီး သံသရာတစ်လျှောက် ကောင်းသော အကျိုးတွေရရှိနိုင်မှာ မဟုတ်ပါလား။ အများအတွက်ဖြည့်ဆည်းလျက် မရပ်တန့်တဲ့မိမိတို့ရဲ့ဘဝတွေမှာ ယခုဘဝသာမက နောင်နောင်ဘဝတွေအထိပါ ကောင်းသောအကျိုးသက်ရောက်မယ့် ပစ္စုပ္ပန်ကုသိုလ်ကံတွေကို ဝီရိယထား ထူထောင်ပြီး အလင်းကနေအလင်းကို ရွေ့နိုင်အောင်ကြိုးစားကြရပါတော့မယ်။

ယခုရရှိနေတဲ့ဘဝကို ကုသိုလ်တရားနဲ့ အလှဆင်နိုင်မှသာ ဘဝရဲ့တန်ဖိုးဟာ မြင့်လာမှာပါ။ အမှန်က မိမိတို့အသက် ရှင်နေသမျှပြုနေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို ကုသိုလ်မြောက်အောင် သတိဆိုတဲ့တရားနဲ့ ကာရံထားနိုင်ရင် အကုသိုလ်ဆိုတာ ဝင်နိုင်ဖို့မလွယ်ပါဘူး။ ယခုလိုနှစ်ခြမ်း၊ သုံးခြမ်းကွဲ‌နေတဲ့ ကမ္ဘာကြီးနဲ့ လူ့အဖွဲ့အစည်းတွေမှာ တူရာတူရာ စုကြစတမ်းဆို အနာခံပြီး အများအတွက် လုပ်တတ်ကြတဲ့ ကုသိုလ်ရေးများတဲ့ မြင့်မြတ်သူတွေဘက်မှာသာပါပြီး လောကကြီးအတွက် မိမိတို့ရဲ့ဘဝတွေကို စတေးနိုင်အောင် ခံယူကြပါစို့လား။ သို့မှသာသံသရာမှ လွတ်မြောက်ကြောင်း အထောက်အပံ့ကောင်းလေးတစ်ခုကို မလွဲဧကန် ရရှိလာနိုင်မှာဖြစ်ပါတယ်။

(အများအတွက်အနစ်နာခံ၊ ဘဝသံသရာမှ လွတ်မြောက်ရန်နဲ့ သာသနာအတွက် ရည်သန်ကြိုးစားအားထုတ်နေ ကြသော သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာ၊ ဆရာတော် သံဃာတော်များ၊ ဆရာ ဆရာမများအား ရိုသေလေးစား ဂါရဝပြုကန်တော့အပ်ပါသည်။ )