တံတားဦးမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

တံတားဦး ၁၅  စက်တင်ဘာ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အမျိုးသမီးများ၌ ဒုတိယဖြစ်ပွားမှု အများဆုံး ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ထိုရောဂါ ကာကွယ်ဆေးကို အသက် ၉ နှစ်နဲ့ ၁၀ နှစ်အရွယ် အမျိုးသမီးငယ်များကို တစ်နှစ်လျှင် တစ်ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယခုထိုးနှံသည့်အကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း တံတားဦးမြို့ပေါ် ရပ်ကွက်ကြီး(၃)ရပ်ကွက်တွင် ကာကွယ်ဆေးထိုးပေးရန် လူဦးရေပေါင်း (၈၃) ဦး ရှိပါကြောင်း၊ ယခင်က ကာကွယ်ဆေးကို စက်တင်ဘာ(၂၀)ရက်တွင် ထိုးနှံပေးရန် ကြေညာ ထားသော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်နေ့သည့် အတွက်ကြောင့်   အောက်တိုဘာ (၂၀)ရက်မှသာ ထိုးနှံပေးမည် ဖြစ်ကြောင်း တာဝန်ခံ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နွယ်နွယ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

သားအိမ်ခေါင်းကင်ဆာ ရောဂါ HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ်အထိ အမျိုးသမီးများ (သို့မဟုတ်) ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသူ အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးပေးရေးအတွက်  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ ကျန်းမာရေးဝန်ထမ်းက စာရင်းများလိုက်လံ ကောက်ယူထားပါကြောင်းနှင့် ရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)