တန်းတန်းမတ်မတ် နိုင်ငံရေးဇာတ် ကတတ်သူ

mdn

ကိုရင်သြ - ရေးသားသည်

 

မေ ၃၀ ရက်တွင် ဒုတိယအကြိမ်မြောက် ရာ ထူးသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သူ ဝန်ကြီးချုပ် နရန်ဒရာမိုဒီသည် အဖွဲ့ဝင် ၂၅ ဦးပါ ဝန်ကြီးအဖွဲ့သစ်ကိုမေ ၃၁ ရက်တွင် အောက်ခြေသိမ်း ပြင်ဆင်ဖွဲ့စည်းလိုက်ရာတွင် သူ၏နိုင်ငံရေးလက်ရုံးကြီး အမစ်ရှားအား ပြည်ထဲရေး ဝန်ကြီး ရာထူးနေရာတွင်လည်း ကောင်း၊ ရာနတ်ဆင်းအား ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နီမာ လာခီသာရာမာအား ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်လိုက်သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ အိန္ဒိယအစိုးရ အဖွဲ့သစ်ကို ဦးဆောင်မည့် မိုဒီ၏ နိုင်ငံရေးရည်မှန်းချက်များ အသို့ရှိနေ သည်ကို ရည်မျှော်စေ့ငုမိလေ၏။

 

အမစ်ရှား ဆိုသူသည်ကား ဘယာတိယ ဂျနာတာပါတီ(ဘီဂျေပီ) ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှစ၍ တာဝန်ယူလာခဲ့သူဖြစ်သည်။ သူသည်အိန္ဒိယ ပါလီမန်၏ အထက်လွှတ်တော်အမတ်မင်းအဖြစ် ၂၀၁၇ ခုနှစ်မှ၂၀၁၉ ခုနှစ်အထိ တာဝန်ယူခဲ့သော ဂူဂျာရတ်ပြည်နယ်သားဖြစ်သည်။ ဂူဂျာရတ် ဟူသည်မှာလည်း မိုဒီ၏ဇာတိရပ်မြေ ဖြစ်လေသည်။

 

ပညာသားပါပါ

 

 စီမံမိုဒီ၏ ယုံကြည်စိတ်ချရသော လက်ထောက်တစ်ဦးဖြစ်သူ အမစ်ရှားသည် ဧပြီ၊ မေ အထွေထွေရွေးကောက်ပွဲကြီးတွင် ဘီဂျေပီပါတီ သောင်ပြို ကမ်းပြို အနိုင်ရရှိစေရေးအတွက် အကွက်ကျကျ(ဝါ) ပညာသားပါပါ စီမံဆောင်ရွက်ခဲ့သူဟု ဆို၏။

 

ဘီဂျေပီပါတီ၏ ဝါရင့်အမျိုးသမီး နိုင်ငံရေးသမား နီမာလာမှာမူ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကုမ္ပဏီရေးရာဝန်ကြီးဌာနတို့ကို တာဝန်ယူရန် အာဏာ အပ်နှင်းခံရသည်။ နီမာလာသည် ကာနာတာကာပြည်နယ်မှဖြစ်ပြီးလျှင်၂၀၁၆ ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၇ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးတာဝန်ကိုထမ်းဆောင်ခဲ့သည့် အမျိုးသမီးတစ်ဦးအဖြစ် စံနမူနာပြသနိုင်ခဲ့သည်။ အင်ဒီရာဂန္ဓီနည်းတူ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကို  ထမ်းဆောင်ခဲ့ဖူးသည့်တစ်မူထူးခြားသော နိုင်ငံရေးသမားတစ်ဦးအဖြစ် ဂုဏ်ဒြပ်ရှိသည်။

 

ဘီဂျေပီပါတီအတွက် ဒုတိယအကြိမ် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သော ရွေးကောက်ပွဲအောင်မြင်မှုမှာ အတိုက်အခံများအတွက် ခြေပစ်လက်ပစ်ဖြစ်ရလောက်အောင်ပင် အံ့အားသင့်စရာ ဖြစ်ခဲ့ရပြန်ချေ၏။

 

ဟိန္ဒူအမျိုးသားရေးဝါဒ

 

၂၀၁၄ ခုနှစ် မေလ ရွေးကောက်ပွဲကြီးအပြီး အကြီးအကျယ် ပြုပြင်ပြောင်းလဲရေးလုပ်နိုင်ခဲ့သော ဝန်ကြီးချုပ်မိုဒီမှာ ဟိန္ဒူအမျိုးသားရေးဝါဒအဖြစ် အခိုင်အမာရပ်တည်ခဲ့ပြီး နိုင်ငံတကာတွင် အိန္ဒိယ နိုင်ငံ၏ရပ်တည်ချက်တိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။

 

သို့ရာတွင် ဂူဂျာရတ်ပြည်နယ်၌ မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပွားခဲ့စဉ်က ယင်းပြည်နယ်၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ချိန်ဖြစ်လေရာ သူ၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့် ပတ်သက်၍ ဗြိတိန်၊ အမေရိကန်နှင့် အခြားနိုင်ငံများ၏ ဝေဖန်ရှုတ်ချမှုများကို တွေ့ကြုံခံစားခဲ့ရဖူး၏။

 

မည်သို့ပင်ဆိုစေ နိုင်ငံရေးအရ အစွမ်းအစရှိသူအဖြစ် မိုဒီက ပြည်နယ်ဝန်ကြီးချုပ် ဘဝမှာပင် ကမ္ဘာသို့ပြသနိုင်ခဲ့သည်။

 

“နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် နိုင်ငံသားတိုင်းပါဝင်ကြ” ဟူသော ကြွေးကြော်သံနှင့်အတူ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူတို့၏ တစ်မုဟုတ်ချင်း ထောက်ခံမှုကို အခိုင်အမာရရှိခဲ့သူ မိုဒီသည် ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် “အမျိုးသားရေးဝါဒ”(ဝါ) “နေရှင်နယ်လစ်ဇင်” နှင့် “အမျိုးသားလုံခြုံရေး” တို့ကို အလေးပေးဆောင်ရွက်မည်ဟု ကြွေးကြော်လျက် ပြည်သူ့ထောက်ခံမှုကို ရရှိခဲ့ပြန်သည်။

 

မိုဒီ၏ မဟာဗျူဟာ၊ သူ၏ ဦးဆောင်မှုကို ပြည်သူတို့လိုလားခြင်း ရှိ၊ မရှိစမ်းသပ်သည့်ပွဲကြီးအပြီးတွင် နောက်ထပ် ငါးနှစ်တာအာဏာကိုင်စွဲခွင့် ထပ်မံရရှိခဲ့ခြင်းဖြစ်၏။

 

ဟိန္ဒူအမျိုးသားရေးဝါဒ ခေါင်းထောင် လာမှု၊ စီးပွားရေးတိုးတက်နှုန်း နှေးကွေးလာမှုနှင့် အကြမ်းဖက်မှုတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဆက်လက်ဖြစ်ပေါ်နေစဉ်မှာပင် အောင်မြင်မှု တစ်ဝက်၊ ရှုံးနိမ့်မှုတစ်ဝက်ဖြင့်ပထမဆုံးသော ရာထူးသက်တမ်းကုန်ဆုံးလွန်မြောက်ခဲ့၏။

 

ပထမရာထူးသက်တမ်း

 

ပထမရာထူးသက်တမ်းကာလအတွင်း မိုဒီ၏ အစိုးရအဖွဲ့အတွက်သမိုင်းဝင်၊ သမိုင်းတွင်စေမည့် ဆောင်ရွက်ချက်များအဖြစ် ဆင်းရဲသား နင်းပြားများ ချက်ပြုတ်စားသောက်ရာ တွင် အရေးပါသည့် ဓာတ်ငွေ့ကိုဈေးနှုန်းချိုချိုသာသာ ဝယ်ယူရရှိစေမည့်အစီအစဉ်၊ နိုင်ငံတစ်ဝန်း လွှမ်းခြုံ သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအခွန် အစီအစဉ်၊ ဆင်းရဲသားပြည်သူများ အတွက် ကျန်းမာရေးအာမခံစနစ် အစီအစဉ်နှင့် ဒေဝါလီခံခြင်းနှင့် ကုမ္ပဏီဖျက်သိမ်းခြင်းဆိုင်ရာ ဥပဒေသစ်တို့ကို တွေ့မြင်ကြရလေသည်။

 

အိန္ဒိယနိုင်ငံ၏ ကျေးလက်ဒေသများတွင် နေအိမ်အပြင်ဘက် အခင်းကြီး၊ အခင်းငယ်သွားရသည့် လူမှုရေးဒုက္ခ ကုန်ဆုံးလွန်မြောက်စေရန် နိုင်ငံတစ်ဝန်းရှိကျေးရွာအနှံ့တွင် ရေအိမ်များ တည်ဆောက်ပေးသည့် အစီအစဉ်မှာ ပြည်သူတို့၏ ချီးကျူးမှုကို ခံယူခဲ့ရသည်။

 

ပထမမြောက် ရာထူးသက်တမ်းအတွင်း ပြည်သူလူထုအတွက် ဆေးခါးကြီး သောက်ရမလိုဖြစ်ခဲ့ရ သည့် ဆောင်ရွက်ချက်အဖြစ် အဂတိလိုက်စားမှုနှင့်ငွေမည်းလက်ဝယ်ထားရှိမှုတို့ကို တိုက်ဖျက်နိုင်ရန် ရည်ရွယ်လျက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရူပီး ၅၀ဝ တန်နှင့် ၁၀ဝ၀ တန် ငွေစက္ကူများကို ပိတ်ပင်ခဲ့ရာ ပြည်သူတို့မှာ အဆင်မပြေမှုနှင့် တွေ့ကြုံခဲ့ကြရသည်။

 

ယင်းကာလအတွင်း ဘီဂျေပီ အုပ်စိုးသည့် ပြည်နယ်များ၌ အမဲသား စားသုံးမှုနှင့် ရောင်းဝယ်မှုတို့ကို ပိတ်ပင်ခဲ့သည်မှာလည်း ဟိန္ဒူအမျိုးသားဝါဒ၏ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ခဲ့ရလေသည်။ အမဲသား တားမြစ်ပိတ်ပင်မှုကို အကြောင်းပြု၍ ၂၀၁၅ ခုနှစ် မေလမှ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ပြည်နယ်ပေါင်း ၂၀ တွင် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၄ ဦး သေဆုံးခဲ့ကြရကာ လူပေါင်း ၂၈၀ ခန့် ဒဏ်ရာ ရရှိခဲ့မှုမှာ ဟိန္ဒူအမျိုးသားရေးဝါဒ၏ အနုတ်လက္ခဏာတစ်ရပ် ဖြစ်ခဲ့ရသည်။

 

စီးပွားရေးအရ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို မျှော်မှန်းခဲ့သည့်အတိုင်း ပြည့်ပြည့်ဝ၀ လုပ်ဆောင်နိုင်မှုမရှိခြင်း၊ မျှော်လင့်ခဲ့ကြသလို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှု မရှိခြင်း၊ အိန္ဒိယလေတပ်အတွက် ရာဖေးလ်ဂျက်တိုက်လေယာဉ် ၃၆ စင်း ဝယ်ယူရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရခြင်းတို့မှာ မိုဒီ၏ ပထမမြောက် ရာ ထူးသက်တမ်းအတွင်း ပြည်သူတို့ ဘဝင်မကျစရာများဖြစ်ခဲ့သည်။

 

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားဒေသ၌ ဖြစ်ပွားသော စစ်သွေးကြွ တိုက်ခိုက်မှုတစ်ရပ်ကို တုံ့ပြန်လျက် ပါကစ္စတန် ပိုင်နက်နယ်မြေအတွင်းသို့ဂျက်တိုက်လေယာဉ်များစေလွှတ်ကာ စစ်သွေးကြွ တို့ကို နှိမ်နင်းခဲ့ရာမှ အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား စစ်ပွဲကြီးဖြစ်လုနီး အခြေအနေဆိုက်ခဲ့ရသည် မှာလည်း မိုဒီအတွက် အခက်ခဲဆုံးကာလတစ်ရပ်ကို ဖြတ်သန်းရခြင်းဖြစ်သည်။

 

ပထမမြောက် ဆုံးဖြတ်ချက်

 

ဒုတိယမြောက် ရာထူးသက်တမ်း၏ ပထမဆုံးသောနေ့ရက်ဖြစ်သည့်မေ ၃၁ ရက်တွင် ဝန်ကြီးချုပ်မိုဒီ၏ အစိုးရအဖွဲ့သစ်၏ ပထမဆုံးသော ဝန်ကြီး အဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ရာ တွင် ပညာရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်နေသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း၊ အလုပ်ကြိုးစားသော တောင်သူလယ်သမားများနှင့် လုံ့လဥဿဟရှိသော ကုန်သည်များ အကျိုးကျေးဇူးရရှိစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း မိုဒီက ပြည်သူတို့အား ကြားသိစေခဲ့သည်။

 

ဗဟိုအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လည်ပတ်နေသော ပရာဟန်မန်ထရီကီဆန်ဆန်မန်မီဒီ (ဝါ) PM Kisan စီမံကိန်းကို တိုးချဲ့ဆောင်ရွက်ရန်မိုဒီ၏အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ အကျိုးခံစားခွင့်ရှိမည့် တောင်သူလယ်သမားဦးရေမှာ သန်း ၁၂၀ ရှိခဲ့ရာ မှ ၁၄၅ သန်း အထိရှိလာမည်ဖြစ်သည်။

 

တောင်သူလယ်သမားများ

 

မြေနေရာ ၄ ဒသမ ၉ ဧက အောက်သာ ပိုင်ဆိုင်သော တောင်သူလယ်သမား၊ မြေမဲ့တောင်သူလယ်သမားများနှင့် ရွှေ့ပြောင်းတောင်သူလယ်သမားများသည် တစ်နှစ်လျှင် ရူပီး ၆၀ဝ၀ (အမေရိကန်ဒေါ်လာ ၈၇ ဒေါ်လာ)ကို အနိမ့်ဆုံးဝင်ငွေအဖြစ်ရရှိစေရန် အဆိုပါအစီအစဉ်က မျှော်မှန်းသည်။ ယခုအခါတွင်မူ တောင်သူလယ်သမားများအားလုံးနှင့် သက်ဆိုင်သည့် အစီအစဉ် အဖြစ် တိုးချဲ့ဆောင်ရွက်ရန် မိုဒီ၏အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

 

အစိုးရအဖွဲ့သစ်၏ “ကုန်သည်များအတွက် ပင်စင်အစီအစဉ်”အရ ဦးရေ သုံးကုဋေမျှရှိ ဈေးဆိုင်ပိုင်ရှင်များ၊ လက်လီရောင်းချသူများနှင့်တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများသည် အသက် ၆၀ ပြည့်သည့်အချိန်မှစ၍ ပင်စင်ခံစားခွင့် ရရှိလာမည် ဖြစ်သည်။

 

လာမည့် ငါးနှစ်တာ ကာလပတ်လုံး မွေးမြူရေးတိရ္ဆာန်များဆိုင်ရာ ရောဂါထိန်းချုပ်ရေးအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ရန်လည်း မိုဒီ၏ အစိုးရအဖွဲ့သစ်က ဆုံးဖြတ်ခဲ့သည်။ အဆိုပါ အစီအစဉ်အရ နွားများ၊ ကျွဲများကောင်ရေ ကုဋေ ၃၀၊ သိုးနှင့် ဆိတ်ကောင်ရေ ကုဋေ ၂၀ နှင့်ဝက်ကောင်ရေ ၁၀ သန်းတို့ကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်။

 

ဒုတိယမြောက် ရာထူးသက်တမ်း၏ ပထမဆုံးသောဆုံးဖြတ်ချက်အရ အမျိုးသားကာကွယ်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ပညာသင်ထောက်ပံ့ရေး အစီအစဉ်ကို တိုးချဲ့ဆောင်ရွက် မည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို သက်စွန့်ဆံဖျား ထမ်းရွက်ကြသော စစ်သည်များ၏ သားသမီးများအပြင် အကြမ်းဖက်သမားများ၏ဘေးရန်မှ ကာကွယ်ပေးနေသော ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများကိုပါ ပညာသင်စရိတ် တိုးမြှင့်ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့သည်။

 

ပထမရက် ၁၀ဝ

 

ဝန်ကြီးချုပ် မိုဒီဦးဆောင်သောအစိုးရအဖွဲ့၏ ပထမ ရက် ၁၀ဝ ကာလ အတွင်း စီးပွားရေးပြုပြင်ပြောင်းလဲရေးအစီအစဉ်များအရ အလုပ်သမားဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရန်၊ ပုဂ္ဂလိကပိုင် လုပ်ငန်းစဉ်တိုးချဲ့ရန်၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဘဏ်များထူထောင်သွားရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဖိတ်ခေါ်သွားရန် ရည်မှန်းထားသည်။

 

ဂူဂျာရတ်ပြည်နယ်၌ ကုန်စုံဆိုင်ဖွင့်ကာ အသက်မွေးရပ်တည်သော မိဘနှစ်ပါးမှ ပေါက်ဖွားလာခဲ့သူ မိုဒီသည် ပြည်နယ်ဝန်ကြီးချုပ်ဘဝမှသည်နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တက်လှမ်းနိုင်ခဲ့သူဖြစ်ပြီး ပြည်သူတို့၏ ထောက်ခံမှုကို ဆက်လက်ရရှိနေကာ ဟိန္ဒူအမျိုးသားရေးဝါဒကို ကိုင်စွဲလျက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းစွမ်းဆောင်နိုင်သူအဖြစ်အသိအမှတ်ပြုခံရပုံကို တွေးတော မိရင်း “တန်းတန်းမတ်မတ် နိုင်ငံရေးဇာတ်ကတတ်သူ”ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။

 

Ref: Narendra Modi: Hindu foot soldier to India’s prime minister (BBC)