တန့်ယန်းမြို့နယ်တွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံး ဖွင့်လှစ်

တန့်ယန်း ၁၆ ဇွန် 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရာတွင် တန်းတူညီမျှမှုအခွင့်အရေး လွတ်လပ်မှုအခွင့်အရေးနှင့် တရားမျှတမှုအခွင့်အရေးတို့ကို ဥပဒေနှင့်အညီ ခံစားခွင့် ရရှိစေရန် ရည်ရွယ်၍ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကိုဖွဲ့စည်းကာ လုပ်ငန်းများ အစဉ်ပြေချောမွှေ့စေရန်အတွက် ရုံးစတင်ဖွင့်လှစ်ခြင်း အခမ်းနားကို ဇွန်လ ၁၆ ရက် နံနက် ၈ နာရီက ကျင်းပသည်။

 

n5

 

ရှေးဦးစွာ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးဆိုင်းဘုတ်ရှေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ လားရှိုးခရိုင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ဒေါ်မိုးမိုးခိုင်နှင့် မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ဦးဘဝင်းတို့က ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဌေး၊  လားရှိုးခရိုင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ဒေါ်မိုးမိုးခိုင်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး လားရှိုးခရိုင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဦးဝင်းမြင့်၊ မြို့နယ် ဥပဒေ ဆိုင်ရာအထောက်အကူပေးရေး ဥက္ကဌ ဦးဘဝင်းတို့က ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါ တန့်ယန်းမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ဥက္ကဌ (၁)ဦး၊ အတွင်းရေးမှူး (၁)ဦး၊ အဖွဲ့ဝင် (၃)ဦး စုစုပေါင်း(၅)ဦး တို့ဖြင့် စတင် ဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၁၉-ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။                  

မင်းလွင်ဦး(ပြန်/ဆက်)