တပ်ကုန်းမြို့နယ် ရေအေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြော

တပ်ကုန်း ဇူလိုင် ၃

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့သည်။

 

အဆိုပါဟောပြောပွဲတွင် ရေအေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်၊ အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က “လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု” ခေါင်းစဉ်၊ ရွှေမြို့နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်ခိုင်ဦးက “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး” ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့သည်။

 

ဟောပြောပွဲအပြီးတွင် အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ လူကုန်ကူးမှု အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

 

တင်စိုးလွင် (ပြန်/ဆက်)