တပ်ကုန်း    ဇူလိုင်    ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်  ၄၀ နှင့်အထက်  အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၁၈ ရက် ညနေပိုင်းက  မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ   မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူက  အမှာစကားပြောကြားသည်။ 

ထို့နောက် ဘောလုံးအားကစားပြိုင်ပွဲ  ဆက်လက်ကျင်းပရာ ရဲတပ်ဖွဲ့ MPF (FC)အသင်းနှင့် စည်ပင် CGS (FC)  အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စည်ပင် CGS (FC)အသင်းက   ရဲတပ်ဖွဲ့ MPF(FC) အသင်းကို   နှစ်ဂိုး - တစ်ဂိုးဖြင့်   အနိုင်ရခဲ့ပြီး  ပွဲစဉ်တစ်လျှောက်လုံး အားကစားသမားဆုအတွက် မြို့နယ် MSME အသင်းဥက္ကဋ္ဌက စည်ပင် CGS (FC)အသင်းမှ  ရှေ့တန်းအားကစားသမား   ဦးဇော်မင်းထွန်းအား ပေးအပ်ချီးမြှင့်သည်။

တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် ၄၀ နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘောလုံးဝါသနာရှင်များ၊ ဘောလုံးအားကစားသမားဟောင်းများ  စုပေါင်းဖွဲ့စည်းထားသည့် ရဲတပ်ဖွဲ့ MPF (FC) အသင်း၊ စည်ပင် CGS (FC) အသင်း၊ လျှပ်စစ် ESD (FC) အသင်း၊ ထွေအုပ် King United (FC) အသင်းတို့ကို ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်