တပ်ကုန်းမြို့နယ်တွင်  ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှုအား တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး

တပ်ကုန်း မေ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာ သင်ယူခွင့်ရရှိဖို့ “ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများ အားလုံး တွင် ယနေ့နံနက်ပိုင်းက  စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာသို့ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ အောင်ဇေယျရပ်ကွက် အမှတ်(၁)အထက၊ မြဝတီရပ်ကွက် အမှတ်(၂)အထက၊ ဗိုလ်မင်းရောင် ရပ်ကွက် ဗိုလ်မင်းရောင်အထက(ခွဲ)ကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများနှင့် တွေ့ဆုံ၍ ကျောင်းအပ်လက်ခံနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။

တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၆၇) ကျောင်း၌ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံး ပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။

တပ်ကုန်းမြို့နယ်တွင် အထက်တန်းကျောင်း(၁၄)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၁၆)ကျောင်း၊ အလယ်တန်းကျောင်း(၁၆)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁၈)ကျောင်း၊ မူလတန်း(လွန်)(၄၄)ကျောင်း၊ မူလတန်းကျောင်း(၅၃)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၆) ကျောင်း၊ စုစုပေါင်း(၁၆၇)ကျောင်းတို့တွင်  မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်း အပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
                                                          
တင်စိုးလွင်(ပြန်/ဆက်)