နေပြည်တော် ဇွန် ၁၈
တပ်မတော် စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းပိုင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
တပ်မတော် စစ်ကြောင်းများအနေဖြင့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ယင်းမာပင်နှင့် ပုလဲဒေသများအား ဦးစွာနယ်မြေတည်ငြိမ်အေးချမ်းအောင် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ကာ စစ်ကြောင်းများခွဲ၍ ၂၀၂၆ ခုနှစ် ဇွန် ၂ ရက်နေ့တွင် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက်တွင် ရေလယ် ကျွန်းကျေးရွာအားလည်းကောင်း၊ ဇွန် ၃ ရက်တွင် ကျောက်လုံးကြီးတဲစုကျေးရွာအားလည်းကောင်း၊ ဇွန် ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့အားလည်းကောင်း၊ ဇွန် ၇ ရက်တွင် သစ်ရာပင်လမ်းဆုံအားလည်းကောင်း၊ ဇွန် ၈ ရက်တွင် သစ်ရာပင်ကျေးရွာအား လည်းကောင်း၊ ဇွန် ၉ ရက်တွင် ဝင်းကုန်းကျေးရွာအားလည်းကောင်း၊ ဇွန် ၁၁ ရက်တွင် ညောင်ပင်လယ်ကျေးရွာအားလည်းကောင်း၊ ဇွန် ၁၃ ရက်တွင် ယာကြီးကျေးရွာအားလည်းကောင်း အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး တပ်မတော်စစ်ကြောင်းများသည် ဇွန် ၁၅ ရက်တွင် ကွမ်းရေပင်မှတစ်ဆင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် လာပို့ကျေးရွာအား နယ်မြေချီတက်ရှင်းလင်းခဲ့ရာ ယနေ့ (ဇွန် ၁၈ ရက်) တွင် လာပို့ကျေးရွာအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများသည် အဆိုပါလမ်းတစ်လျှောက်၌ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူအလောင်းများ၊ လက်လုပ် Fixed Wing သုံးစီး၊ လက်လုပ်ရီမုမိုင်း ခြောက်လုံး၊ လက်လုပ်ရှော့တိုက်ဒုံး ၁၈ လုံး၊ လက်လုပ်ဗုံးသီး ၁၆ လုံး၊ လက်လုပ်မိုင်း ၂၅ လုံး၊ ယမ်းမှုန့် ခုနစ်ဘူး၊ ယမ်းမှုန့်ထုပ် ၁၆ ထုပ်၊ ဆက်စပ်ပစ္စည်းများနှင့် ယာယီအခြေပြုစခန်းနေရာများအား သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက်အား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


