နေပြည်တော် ဇူလိုင် ၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်ခဲ့သည့် (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံယာယီသံရုံးတာဝန်ခံ၊ ထိုင်းဘုရင့် တပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားသည့် စိတ်၊ အိမ်နီးချင်းကောင်းပီသသည့် စိတ်ဓာတ်တို့ဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ထောက်ပံ့ပစ္စည်းများ စေလွှတ်ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိမှု၊ နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစား အဖွဲ့များနှင့် သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့်အွန်လိုင်း လိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက် သွားမည့်အခြေအနေများကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။
သတင်းစဉ်


