တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ယခုဆိုရင် ၂၀၁၆ ခုနှစ် ကုန်ဆုံးလို့ ၂၀၁၇ နှစ်သစ် အခါသမယကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ဟာထူးခြားတဲ့ ဖြစ်စဉ်ဖြစ်ရပ်များနဲ့ ကျော်လွှားခဲ့ရတာကိုလည်း တွေ့ရပါတယ်။ ပထမအချက်အနေနဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရ ပြောင်းလဲတာဝန်ယူခဲ့ပြီး ဒီလုပ်ငန်းစဉ်တွေအောင်မြင်အောင် တပ်မတော်က ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြောင့် ကချင်ပြည်နယ်အချို့ဒေသ၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ရခိုင်ပြည် နယ်မြောက်ပိုင်း ဒေသတွေမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်လာတဲ့အတွက် တပ်မတော်က အသက်သွေးချွေးများစွာပေးဆပ်ပြီး တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်း ဆောင်ရွက်ပေးခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထုရဲ့အသက် အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်အရပ်ရပ်ကို ထိပါးလာမှုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့အတိုင်း တပ်မတော်ကဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံကိုလည်း စတင် ကျင်းပနိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးဟာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အောင်မြင်ခဲ့တယ်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကာလမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးတို့အတွက် တပ်မတော်အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒါတွေအားလုံးကိုလည်း ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးပါလို့လည်း နှိုးဆော်လိုပါတယ်၊ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းအပ်ပါတယ် ခင်ဗျာ။