တရားမဝင် စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်များ၊ မော်တော်ယာဉ်နှင့် သစ်မျိုးစုံ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၂၈

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် MIP ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ရာ  သွင်းကုန်ကြေငြာလွှာ ဖော်ပြကြေညာချက်များနှင့် ကွဲလွဲနေသည့် ကြွေခွက်လုံး (၇၂၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၄၁၀,၄၂၀)ကို လည်းကောင်း၊ သွင်းကုန်ကြေငြာလွှာတွင် ဖော်ပြကြေညာထားခြင်းမရှိသော ဂဟေဆော်တံ ဖာ (၁၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၇,၄၁၀,၄၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အပြင် ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တော ဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်ဖြူ မြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် သင်ဘုန်းသစ်ခွဲသား (၇၁ ဒသမ ၃၇၀၇) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၉၉၅,၉၄၉) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မှုခင်းရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ အေးရိပ်ချောင်လမ်းကြီးရှိ ဆင်မင်း (ကုန်စည်ပို့ဆောင်ရေး) ကားဝင်းဂိုဒေါင်အတွင်း၌ ခဲ/သတ္တုအိတ် (၃၂၅) အိတ်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၁,၂၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္ထုတွင်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းနေ့တွင်ပင် ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ ရွာမလမ်းတစ်လျှောက်ရှိ ပါချန်မြစ် မေးတင်ဂိုဒေါင်များနှင့် အခြားတရားမဝင် ကုန်ပစ္စည်းများတင်ဆောင်/ သိုလှောင်နိုင်သောနေရာများကို တနင်္သာရီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် ရှာဖွေဖမ်းဆီးဆောင်ရွက်ခဲ့ရာ တရားမဝင် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃,၂၆၆,၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။  

 

အလားတူ ဇန်နဝါရီ ၂၇ ရက်တွင် ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့စီမံခန့်ခွဲမှုဖြင့်  ပင်းတယမြို့နယ်၊ ကျုံးရဲကင်းစခန်းပူးပေါင်းအဖွဲ့မှ လွှဲပြောင်းအပ်နှံခဲ့သော မော်တော်ယာဉ်(၈)စီး နှင့်ပတ်သက်၍ ယာဉ်နှင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများအား  စစ်ဆေးဆောင်ရွက်ခဲ့ရာ လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၁,၂၇၅,၀၀၀)၊ အလှကုန်နှင့် စားသောက်ကုန်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆,၃၂၅,၅၀၀) နှင့် ကုန်တင်မော်တော်ယာဉ် (၈)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၇,၆၀၀,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ စစ်ကိုင်းမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ဂျုံမှုန့် (၁၂၀) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀)နှင့် ရွှေပါဝင်သည်ဟု ယူဆရသော ဗြုန်းမြေအိတ် (၄၈၀)  ကီလိုဂရမ် (၁၂၀၀၀) တို့ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်/သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ပါ၍ ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၃၅)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၃၄၈,၁၂၃,၁၆၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)