တရားမဝင် စားသောက်ကုန်(ကုန်ကြမ်း)ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၇

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့၊ ချမ်းအေး သာစံမြို့နယ်၊ လမ်း (၃၀) (၈၁x၈၂) လမ်းကြား၊ Honey Hive စားသောက်ကုန် (ကုန်ကြမ်း)ပစ္စည်း ရောင်းဝယ်ရေးဆိုင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပျားရည် (၈၈) ကီလိုဂရမ်၊ Hersheys ချောကလက်အနံ့အရည် (၄၈)ဘူး အပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၂၇၄,၅၀၀)ကိုလည်းကောင်း၊ မန္တလေးမြို့၊ (၃၃)လမ်း (၈၅x၈၆)လမ်းကြား၊ ချမ်းအေးသာစံ မြို့နယ်ရှိ (ဟွာထိုက်)ကုန်စုံအရောင်းဆိုင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော စားသောက်ကုန်ကြမ်းပစ္စည်းများ ဖြစ်သည့် လိမ္မော်ယို (၂၇)ဘူး၊ Weiyi နို့နံ့ (၂၅)ဘူး အပါအဝင် ကုန်ပစ္စည်း (၃၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၄၄၂,၀၀၀)ကိုလည်းကောင်း၊ မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ (၃၂)လမ်း (၈၅x၈၆)လမ်းကြား၊ အောင်နန်းရိပ်သာ(အနောက်လမ်း)ရှိ (ရွှေဝတ်မှုံ) မုန့်သုံးကုန်ကြမ်း ပစ္စည်းမျိုးစုံနှင့် ရေသန့်ဗူးခွံအရောင်းဆိုင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော စားသောက်ကုန်ကြမ်းပစ္စည်း ဖြစ်သည့် ငှက်ပျောနံ့ (၁၂၀)ဘူး အပါအဝင် ကုန်ပစ္စည်း (၁၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၂၀,၃၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်၂၃,၃၃၆,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စက်တင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုးမြို့ရှောင်လမ်း၊ ရွှေညောင်ပင်အနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Battery Charger (၆၅၀)ခု၊ Underwear အောက်ခံ ဘောင်းဘီ (၃၀၀၀)ထည် အပါအဝင် ကုန်ပစ္စည်း (၂၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃,၉၂၆,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan AD Van (၂)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၉၂၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ စက်တင်ဘာ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန် အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် iPhone 15 Pro (၁)လုံး၊ အလှကုန်ပစ္စည်း (၁၄၁)ခု အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆,၂၃၈,၈၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၂၄ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ခရီးဆောင်အိတ် (၁၀)လုံး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၇၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Hino Ranger (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၁၇၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၆၇၁,၆၆၂)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)