တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၄)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် မုယောစပါး ကီလိုဂရမ်ပါ (၅၀) အိတ် (၁၃၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈,၈၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitshibishi Fuso Truck (၃)စီး၊ Hyundai Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Printing Machine အပိုပစ္စည်း (၂၈)ဘူး အပါအဝင် ကုန်ပစ္စည်း (၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၂၉၅,၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့်ကွဲလွဲစွာ ပါရှိလာသည့် အိန္ဒိယနိုင်ငံထုတ် PVC Coated Copper Wire (၄၉၇၂၉)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁,၅၂၁,၅၀၁)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ဝန်စည်များအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မလေးရှားနိုင်ငံထုတ် Mikro ကြိမ်နှုန်းတိုင်းတာ စက် (၂၄)လုံး၊ CEO ကော်ဖီ (၂၂၀)ထုပ်နှင့် Guy Laroche အမျိုးသမီးလက်ကိုင်အိတ် (၁၈)လုံး၊ တရုတ်နိုင်ငံ ထုတ် တီရှပ်အင်္ကျီ (၈၅)ထည်၊ Foot Joy အားကစားဖိနပ် (၁၅၆)ရံနှင့် ကြက်သွန်ဖြူမှုန့် (၆၇၅)ကီလိုဂရမ်၊ ထိုင်ဝမ် နိုင်ငံထုတ် GDY ဆီးချိုတိုင်းစက်(၈၀)စုံ၊ Oren တီရှပ်အင်္ကျီ(၁၀၀)ထည်၊ Shawls ပုဝါ(၁၂၀၀)ထည်၊ ကိုရီးယားနိုင်ငံထုတ် ခံတွင်းကုသမှုဆိုင်ရာပစ္စည်း Dentium Implant System အခု (၄၅၀) ၊ အိန္ဒိယနိုင်ငံထုတ် ဆေးဝါး Levodopa and Carbidopa Tablets (၁၀၁)ဘူးနှင့် Enoxaprin Sodium Injection (၂၀၀)ဘူး အပါအဝင် ကုန်ပစ္စည်း (၂၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆,၉၉၃,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၄၀,၆၅၉,၅၀၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇွန် ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် စတီးထမင်းချိုင့် ကီလိုဂရမ် (၃၃၀)၊ အမျိုးသမီးစီးဖိနပ် အရံ(၆၃၀၀) အပါအဝင်ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၂၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်း၊ သစ္စာမီးပွိုင့်အနီး၌ လိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇,၂၆၀,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇွန် ၂၀ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ် အကျော် လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် Exercise Bike စက်ဘီး(၄)စီး အပါအဝင် ကုန်ပစ္စည်း(၂)မျိုး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇွန် ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်၊ ထန်းတော (ဇီးခြံ)ရပ်ကွက်၌ လိုင်စင်မဲ့ Shihuai သုံးဘီးဘေးတွဲဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

 

သို့ဖြစ်ပါ၍ ဇွန် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၀)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၄၉,၂၆၉,၅၀၁)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)