တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမို ပါရှိလာသော မော်တော်ဆိုင်ကယ်အပိုပစ္စည်း ဖြစ်သည့် KENKO Chain & Sprocket (၁၁,၀၀၈)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆,၂၁၆,၂၆၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၆,၂၁၆,၂၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၊ ရန်ကုန် -မော်လမြိုင် ပြည်ထောင်စုလမ်းမကြီး (မိုင်တိုင်အမှတ်၉၆မိုင်၇ဖာလုံ)အနီး၌ မြဝတီမြို့မှ ညောင်လေးပင် မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lipovitan-D အားဖြည့်အချိုရည် (၅၀၀၀)ပုလင်း၊ Lactasoy ပဲနို့ (၄၆၈၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၁)စီးနှင့် King Long Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ Camel Motorcycle Tube (၈၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၅၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုဝင်ဘာ ၂၄ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့၊ သင်္ဃန်း ညီနောင်၊ ရွာသစ်ကျေးရွာအနီး၌ မော်တော်ယာဉ်(၂)စီး‌ပေါ်မှ Lactasoy ပဲနို့ (၄၃၂၀)ဘူး၊ ပုစွန်နှစ်ကောင် ဟင်းသီးဟင်းရွက်ဆီ (၅)လီတာပါ ဘူး (၁၅၀) ၊ Lipovitan-D အားဖြည့်အချိုရည် ပုလင်း (၁၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၉၆,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravn (၁)စီးနှင့် Toyota Hiace (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၂၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉,၁၉၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃,၆၁၂,၂၆၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်