တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆိုင်ကယ် အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၃၀

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်းမရှိသည့် မော်တော်ဆိုင်ကယ်တာယာလုံး (၁၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၆၇၂,၇၄၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉,၆၇၂,၇၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇန်နဝါရီ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးနှင့် သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးတို့ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန် ပစ္စည်း Doll Diamond Syrup ထုပ် (၄၀၀) ၊ ကြက်သားချောင်း ကီလိုဂရမ် (၇၅၀) အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

ထို့အတူ ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် BERMAN သွားတိုက်တံ ကီလိုဂရမ် (၇၀၀)၊  Innoplus High Density Polyethylene ကီလိုဂရမ် (၂၀၀၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉,၇၅၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီးFaw Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉,၇၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်၍ ဇန်နဝါရီ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂,၄၂၂,၇၄၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ မှသိရသည်။

(သတင်းစဉ်)