တရားမဝင် ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၀ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်း၊ ၁၁၇(ဘီ)လမ်းထောင့်၊ မြရည်နန္ဒာအိမ်ရာ၊ တိုက်အမှတ်(၁၃)၊ အခန်း(၁၂)ရှိ ဂိုထောင်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Marlboro စီးကရက် တောင့် (၅၀၀) အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၀၀,၀၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃လမ်း၊ ၁၃၇ လမ်း x ၁၃၈ လမ်းကြားရှိ ငွေခြင်္သ့ဂိုထောင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Dutch Mill နို့ဒိန်ချဉ် ဘူး (၄၈၀၀၀) ၊ Lipo အားဖြည့်အချိုရည် ပုလင်း (၁၀၀၀၀) ၊ Diablo Beer ဘူး (၂၄၀၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉,၉၀၀,၀၀၀)ကိုလည်းကောင်း၊ မန္တလေးမြို့အဝင် ရွှေကျင်တိုးဂိတ်အနီး၌ ဗန်းမော်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် Room Heater (၃၂၆)လုံး အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈,၈၀၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉,၂၀၃,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သီလဝါကုန်‌သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ဆွယ်တာ အထည် (၄၁၀) ၊ Face Wash (၂၆)ဘူး၊ Fruit Juice (၂၆၂၄၄)ဘူး အပါအဝင် ကုန်ပစ္စည်း(၁၇)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄,၉၉၈,၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် နိုင်လွန်ငါးဖမ်းပိုက် (၇၀၉၃) ကီလို ဂရမ်၊ Floating Foam For Fishing Net ကီလိုဂရမ် (၁၆၀၀) အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၄,၅၀၆,၉၆၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉,၅၀၄,၉၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၆၅)ဂါလန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၅,၉၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာ ရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဓါတ်ဆီ ဂါလန် (၃၂၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၂၈၀,၀၀၀)နှင့် ဒီဇယ်ဆီ ဂါလန် (၅၂၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၆၁၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၄,၄၆၅,၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၌ လိုင်စင်မဲ့ LUOIJIA-110 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၀ ၊ ၂၁ နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၈၃,၇၇၃,၈၆၀)ဖြစ်ကြောင်း        တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်