တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၇

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
မေလ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လှိုင်မြို့နယ်၊ (၁၄)ရပ်ကွက်၊ အမှတ်(၇)ဝင်းရှိ ဂိုဒေါင်(၇)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုဇွန်တစ်ကောင် စားအုန်းဆီ (၁၈)လီတာပါ ပုံး (၁၀၀) ၊ Deestone ကားတာယာ (၆၅၀)လုံး၊ Fronway ကားတာယာ (၈၄၃)လုံး အပါအဝင် ကုန်ပစ္စည်း(၁၆)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆,၂၃၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေလ ၃ ရက်နှင့် ၄ ရက်နေ့ တို့တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီး၊ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီး၊ မော်လမြိုင်မြို့မှ ရန်ကုန် မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၃)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Golden Mountain ပဲငံပြာရည် (၆၀၀)ပုလင်း၊ PU ပလပ်စတစ် မတ်ခွက် (၁၅၀၀)လုံး၊ Lactasoy ပဲနို့ (၁၂၀၀၀)ဘူးနှင့် Babi Mild ကလေးရေချိုးဆပ်ပြာ (၂၈၈)ဘူး၊ ဂျပန်နိုင်ငံထုတ် Recond TV (၁၂၄)လုံး အပါအဝင် ကုန်ပစ္စည်း(၁၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၆၀၁,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် TT Bus (၁)စီး၊ Yutong Bus (၂)စီး၊ King Long Bus (၁)စီး၊ Higer Bus (၁)စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ မေ ၅ ရက်တွင် ဘုရားကြီးမြို့၊ ရွှေသံလွင် တိုးဂိတ်အနီး၌ သထုံမြို့မှ ပဲခူးမြို့သို့သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင် စားအုန်းဆီ(၂)လီတာပါ (၂၇၆)ဘူး အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၉၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၂,၇၉၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Wai Wai ကြာဇံ (၁၀၈၀)ထုပ်၊ Donutt တံဆိပ် ဖြည့်စွက်စာ ဘူး (၃၂၄၀) ၊ Vaseline Lotion (၁၈၀)ဘူး၊ Mudra LED မီးသီး အလုံး (၇၄၀၀)၊ New Choice မက်မွန်သီးနီ (၁၈၀)ထုပ် အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၀၃၈,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ လှိုင်းဘွဲ့-ဘားအံကားလမ်းမ၊ ထီလုံစံပြ ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အိပ်ယာခင်းလိပ် (၁၂၀၀၀)ကီလိုဂရမ်၊ Lactasoy ပဲနို့ (၁၂၀၀၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၇၈၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီးနှင့် Nissan Caravan Delivery Van (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၇,၈၂၂,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၅ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ဈေးကြီးလမ်း အနီး နေအိမ်(၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင် ခြင်း မရှိသည့် M-150 အားဖြည့်အချိုရည် (၁၂၅၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၆)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၇၁၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်၍ မေ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၃,၅၆၆,၈၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)