တရားမဝင် စက်သုံးဆီများ၊ ကျောက်စိမ်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧရာဝတီတံတားစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ်၊ အောက်ကိုင်းကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ ဂါလန် (၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)၊ အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)နှင့် မင်းတုန်းမြို့နယ်၊ ညောင်ကြပ် ကျေးရွာအနီး၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၂၁)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉,၄၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Luojia 110 မော်တော် ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅၀,၀၀၀)တို့ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပ‌အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃,၆၈၉,၄၀၀)ကို ဖမ်းဆီးအရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ နောင်ချိုမြို့သို့သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသည့် ကျောက်လက် ကောက်ကွင်း(အချော)ဆိုဒ်စုံ ကီလိုဂရမ်(၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Toyota Crown (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စစ်ကိုင်းတံတား၊ နှာပေါက်အနီး၌ ဆီသယ်ယာဉ် (၂)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (92 Ron) (၁၅၃၉၈)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉,၁၅၀,၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Tractor Head (၁)စီး၊ Chenglong Tractor Head (၁)စီးနှင့် ဆီသယ်နောက်တွဲယာဉ် (၂)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၁,၁၅၀,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၂ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသော တရုတ်နိုင်ငံထုတ် စားသောက်ကုန်များဖြစ်သည့် ကြက်သားတုံး (၃၂၈၈)ထုပ်၊ ANJOY တံဆိပ်ပါ အသားလုံး (၇၂၈)ထုပ် အပါအဝင် စားသောက်ကုန်ပစ္စည်း(၁၈)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၇၉၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှသည်။

 

သို့ဖြစ်ပါ၍ ဧပြီ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၆,၆၃၅,၄၀၀) ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)