တရားမဝင် ကျွဲ ၊ နွား ၊ သစ် နှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်မှုမရှိစေရေးနှင့် တရားမဝင်နိုင်ငံခြားသားများ ဝင်ရောက်မှုမရှိစေရေး ရှောင်တခင် ရှာဖွေစစ်ဆေး

နမ့်စန်    ၂၁  ဩဂုတ် 


ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဖြတ်သန်း သွားလာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၏ ယာဉ်များကို ရှောင်တခင် ရှာဖွေစစ်ဆေးခြင်းကို ဩဂုတ်လ ၂၁ ရက် မွန်းလွဲပိုင်းက အမှတ်(၄)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။


မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန နှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့သည် အမှတ်(၄)ရပ်ကွက် မြို့မရဲစခန်းရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များနှင့် ကုန်တင်ယာဉ်များကို ရပ်တန့်စေကာ တရားမဝင် ကျွဲ ၊ နွား ၊ သစ်များနှင့် မူးယစ်ဆေးဝါးများ  သယ်ဆောင်မှု ရှိ မရှိ နှင့် တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှုမရှိစေရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှောင်တခင်စစ်ဆေးခြင်းကို မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီထိ  ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် ကြီး/ငယ် နှင့် ဆိုင်ကယ်များကို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။


သူရအောင်(ပြန်/ဆက်)