တရားမဝင် ကျောက်စိမ်းတုံး၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းနှင့်  မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ  ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က ခရီးသည်ဝန်စည်များအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော Laser Hair Removal Machine (၁)စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော် ယာဉ်(၂)စီးပေါ်၌   သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် Laundry Detergent ၊ ပိတ်လိပ်များ အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၂၁,၂၅၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Tractor Head (၂)စီးနှင့် နောက်တွဲယာဉ်(၂)တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၇,၀၂၁,၂၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဖေဖော်ဝါရီ  ၂၆ ရက်တွင် မုံရွာမြို့၊ ကျွဲရဲပူးပေါင်းစစ်ဆေး‌ရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ Toyota Mark II အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀)ကို လည်းကောင်း၊ ဖေဖော်ဝါရီ  ၂၇ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ရွှေဘိုမြို့နယ်အတွင်း Kenbo 125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး‌ငွေကျပ် ၄၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၉၀၀,၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ  ဖေဖော်ဝါရီ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည် နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ မူဆယ်မြို့သို့ ထွက်ခွာလာသည့် မော်တော်ယာဉ်(၁)စီးပေါ်တွင်  အံဝှက်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် တရားဝင် စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံး (၂ ဒသမ ၅) ကီလို ဂရမ် အပါအဝင် ကျောက်စိမ်းအချောထည် ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၈၇၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁,၈၇၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့် ခွဲမှုဖြင့် သံလွင်တံတား(ဘားအံ) စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီများ၊ အချိုရည်များ၊ အသင့်စား ခေါက်ဆွဲထုပ်များနှင့် ဆပ်ပြာမှုန့်ထုပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၈၁၅,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မြဝတီ(OSS) ကုန်သွယ်ရေးဇုန်၌ တာဝန်ကျပူးပေါင်းစစ် ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် DS- 2CD 3T46 WDV3-13, 4MM/ B SMART 265, CCTV (၁၂)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀,၀၀၀)နှင့် DS-IPC-B12HV3- IA, 4MM/ POE, CCTV (၁၈)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၄၃၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့အတွင်း တရားမဝင်ကျွန်းသစ်၊ သစ်မာ နှင့် အခြားသစ်မျိုးစုံ (၂၇ ဒသမ ၉၅၀၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၈၃၄,၅၁၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၅,၀၆၅,၇၆၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်