တရားမဝင် ကျွန်းသစ်၊  အထည်လိပ်များ၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် စက်လှေ ဖမ်းဆီးရမိ 

နေပြည်တော်၊ ဇွန် ၁၉

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ အဖွဲ့စုံဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် အထည်လိပ်များ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၈၆၆,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 

mdn

 

အလားတူ ဇွန် ၁၈ ရက်တွင် ကချင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဗန်းမော်မြို့နယ်၊ မံမလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကြောင်းအတွင်း တရားမဝင်ရွှေတူးဖော်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ဗန်းမော်မြို့နယ်၊ မံမလင်းကျေးရွာ၊ အနောက်(၃)မိုင်ခန့်အကွာ မိုးစိမ်းကျွန်းအနီး ကိုင်းပင်များကြား၌ သစ်သားစက်လှေ (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀,၀၀၀) နှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀) အား ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အတူ ဇွန် ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းခွဲသား(၅ ဒသမ ၅၁၄၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၃၉,၅၀၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  ဇွန် ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၂,၅၀၅,၅၀၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်