တရားမဝင် ကျွန်းသစ်၊ လူသုံးကုန်၊ စားသောက်ကုန်၊ စက်သုံးဆီ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇူလိုင် ၂၄

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က ကုန်တင်ယာဉ် (၁) စီးအား တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့်အတွက် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ဖြစ်ကြောင်း စိစစ်တွေ့ရှိသဖြင့် အဆိုပါ Dong Feng Tractor Head အမျိုးအစားကုန်တင်ယာဉ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဇူလိုင် ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်တန်း - ဝန်းသို - ပင်လည်ဘူးလမ်း ကျိုကြာဝန်းရပ်တွင် တရားမဝင် သယ်ဆောင်လာသော ဒီဇယ်ဆီဂါလန် (၁၁,၁၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ကျွန်းခွဲသား (၀ ဒသမ ၇၁၇၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃,၄၈၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ကချင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြစ်ကြီးနားမြို့နယ် သတ္တုတွင်းဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၂ ရက်တွင် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ မခေါဒီကျေးရွာအနီး၌ ဝါးဖောင်များဖြင့် တရားမဝင် ရွှေတူးဖော်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ရှန်ရှိုင်းအင်ဂျင်၊ ဂျင်ဒေါင်းအင်ဂျင် ပါဝင်သော ဗြုန်းစုပ်စက်တပ်ဆင်ထားသည့် ဝါးဖောင် (၁၂) ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ကို လည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် မြစ်ကြီးနားမြို့နယ်၊ လဘန်ရိုဇာနာကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ဝါးဖောင်များဖြင့် တရားမဝင် ရွှေတူးဖော်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ရွှေတူးဖော်ရာတွင် အသုံးပြုသော အင်ဂျင် တစ်လုံးစီပါ ဝါးဖောင်နှင့် သံဖောင်ငါးခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ဇူလိုင် ၂၃ ရက်တွင် မွန်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မော်လမြိုင်မြို့နယ်မှူးဦးစီးသော အကောက်ခွန် လှုပ်ရှားကင်းအဖွဲ့က မုဒုံမြို့နယ်၊ ကျွန်းရွာကျေးရွာအနီး ရှောင်တခင်ကင်းလှည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားသုံးဆူမှ မုဒုံသို့ မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဓာတ်မြေဩဇာအိတ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော NISSAN CONDOR MK 25A အမျိုးအစားကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ မော်လမြိုင်မြို့ အတ္တရံတံတားအနီး ညောင်ပင်ဆိပ်ရွာ၌ မြဝတီမြို့မှ မော်လမြိုင်သို့မောင်းနှင်လာသော မော်တော်ယာဉ် နှစ်စီးပေါ်မှ စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၉၉၉,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၄,၄၉၉,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇူလိုင် ၂၁ ရက်၊ ၂၂ ရက် နှင့် ၂၃ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇,၅၇၂,၄၈၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်