တရားမဝင် ကျွန်းသစ်၊ သစ်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ရှောင်တခင် စစ်ဆေးရာတွင် မှော်ဘီမြို့နယ်အတွင်း တရားမဝင်ကျွန်းသစ် (၆ ဒသမ ၉၁၃၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၇၃,၉၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 

ထို့အပြင် ယနေ့တွင်  မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းရှိ ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဗိုလ်ထိုင်အိမ်သာကြွေခွက် အစုံ (၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၃၀၀)၊ ကလေးလက်တွန်းလှည်း (၁၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၄၄,၆၀၀)နှင့်  Baby Walker (၉၀)  (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀,၁၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၄၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ (၁၆ ဒသမ ၈၁၈၀) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၀၃,၂၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၄၂၂,၁၈၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်