တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်  မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၉

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများ ကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မြိတ်ကမ်းရိုးတန်း မြို့နယ်မင်းဓမ္မ (၈)လမ်း၊ အင်းလေးကမ်းရပ်ကွက်၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ဂိုဒေါင်အား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်တင်သွင်းခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Polypropylene Rope (၁၀၁၉)ကီလိုဂရမ်၊  Yum Yum Instant Noodles အထုပ်(၁၂၀၀၀) အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၄၆၀,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ သြဂုတ် ၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က မြဝတီမြို့ ဖားချောင်း ရပ်ကွက်ရှိ ဂိုဒေါင်အား ရှောင်တခင်စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ Cement Ceiling Board ကီလိုဂရမ် (၂၀၀၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ သြဂုတ် ၇ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဗန်းမော်ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ဗန်းမော်မြို့နယ် (၅)မိုင် စီဟဲစုပေါင်း စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗန်းမော်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်တင်သွင်းခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်
တရုတ်နိုင်ငံထုတ် လက်ဖက်ခြောက် (၁၃၃)အိတ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၃၂၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၃၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ဆက်လက်၍ သြဂုတ် ၇ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က လားရှိုးမြို့ မြို့‌ရှောင်လမ်းတိုးဂိတ်(Check Point) အနီး၌ စစ်ဆေးမှုများဆောင်ရွက်နေစဉ် မြို့ရှောင်လမ်း Toll Gate အနီး လမ်းဘေးတွင် စုပုံထားသော ပိုင်ရှင်မဲ့ စက္ကူပုံးများတွေ့ရှိရသဖြင့် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ သယ်ယူပြီး ဖွင့်ဖောက် စစ်ဆေးခဲ့ရာ Vape (၄၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် သြဂုတ် ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy Soy Milk ဘူး(၅၄၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Express Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမူဆယ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Toilet Spray Nozzle Head ကီလိုဂရမ်(၁၇၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၄၆၂,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Icom Remote Control Microphone (၉၉)စုံ အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၉၅၀,၀၀၀)ကို လည်းကောင်း၊ သွင်းကုန်လိုင်စင်မရရှိမီ လေဆိပ်သို့ရောက်ရှိသည့် ရက် (၆၁)ရက် ကျော်လွန်နေသည့် SIDEL Brand New Spare Part For Blower (၄)ခု အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၁၇,၀၂၉) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁,၃၂၉,၅၂၉)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ သြဂုတ် ၇ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၄,၁၁၀,၀၂၉) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)