တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့နယ်၊ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ သာစည်လမ်း၊ မြို့မရွှေဂူ ဘုန်းကြီးကျောင်းအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Toyota Crown မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မေ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့က မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမို တင်ဆောင်လာသည့် Hikote C2S Gloss Paper ကီလိုဂရမ် (၁၃၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၇၅,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Dong Feng Tractor Head မော်တော်ယာဉ်(၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Lactasoy Milk ဘူး (၅၄၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Yu Tong Bus မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇,၁၇၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် မေ ၂၂ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင်တရားမဝင်ကုန်စည်တားဆီးထိန်းချုပ်ရေးအဖွဲ့က ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော ကုန်ပစ္စည်းများအား တွေ့ရှိသဖြင့် မူဆယ်မြို့နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ‌ပို့ဆောင်၍ အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Trailer Pump W/O Motor (၂၇၀)လုံးအပါအဝင် ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၉၁,၅၀၀)ကို လည်းကောင်း၊ VIVO Y33e Handset (၅)လုံး အပါအဝင် ကုန်ပစ္စည်း (၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၅၇,၈၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၁၄၉,၃၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၂၂,၃၂၄,၃၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)