တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ တိရစ္ဆာန်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မေ ၃၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့သောင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က ကော့သောင်းမြို့၊ တော်ဝင်တံတား၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော Yellow Corn ပြောင်းစေ့ ကီလိုဂရမ် (၃၀၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅,၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ မေ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကမာရွတ်မြို့နယ်၊ လှည်းတန်းတံတားအနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Toyota Mark II မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၂၈ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင်တရားမဝင်ကုန်စည်တားဆီးထိန်းချုပ်ရေးအဖွဲ့က ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော ကုန်ပစ္စည်းများအား တွေ့ရှိသဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ‌ပို့ဆောင်၍ အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ TASTO Chain Saw W/O Blade (၅)ခု အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၃,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းနယ်မြေရဲစခန်းမှ ရဲအုပ်ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဇီးကုန်းမြို့၊ လက်ဆည်ရပ်ကွက်၊ အထက(၁)ကျောင်းအနီး၌ တရားဝင်သယ်ဆောင်ခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် နွားထီး (၂၁)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် မေ ၂၈ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် JFRESH Infrared Cooker လုံး (၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၅၀,၀၀၀)ကိုလည်းကောင်း၊ Next Generation Lady Bag လုံး (၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၂၄,၅၄၃,၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်