တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၂၃

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၂ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က လားရှိုးမြို့၊ ရပ်ကွက်(၆)၊ နယ် မြေ(၁)၊ လမ်းမတော်လမ်းရှိ Sunny ဟိုတယ်၌ ရပ်တန့်ထားသောလိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ သြဂုတ် ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း၊ (၅၀x၅၁) လမ်းကြားရှိ ဂိုဒေါင်အား စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Warm Clothing အထည် (၁၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ သြဂုတ် ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ EMS အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းတွင် Drone ပစ္စည်းများ ရောက်ရှိနေကြောင်း သတင်းအရ Australia မှ Yangon သို့ ပေးပို့သော အမြန် ချောထုပ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Drone X pro (Drone with Battery) (၁)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀) ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော 100% Polyster (၂၄၃၉၈ ဒသမ ၁၄)မီတာ အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၄,၅၂၁,၄၃၆) ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာများအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Super Grap-Synthetic Grip Wrap (၄ ဒသမ ၀၄) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၆၃,၁၆၇)နှင့် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Remote Controlled Toys With Battery Pad (၄၂၅)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၄၉၉,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၂,၃၈၃,၆၀၃)ကို ဖမ်းဆီးရမိခဲ့ပြီးအကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဩဂုတ် ၂၂ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၆)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀,၃၈၃,၆၀၃)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)