တရားမဝင် သစ်၊ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ဆီချောဆီများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 နေပြည်တော်၊ ဖေဖော်ဝါရီ  ၆

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့သည် မူဆယ်မြို့၊ ပန်ခမ်းတံတားအနီး၊ မြေနီကားကြီးဝင်းရှိ ဂိုဒေါင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ၂၀၀၀ လီတာဆံ့ PVC Water Tank  အလုံး (၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Mitsubishi Fuso (၁၂) ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အင်းစိန်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာလက်ကားစျေး အတွင်းရှိ စျေးဆိုင်ခန်းများအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဆိုင်ခန်းတစ်ခုအတွင်း သိုလှောင်ထားသော တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဘီယာ (၉၆) ဖာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၅၁၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဖေဖော်ဝါရီ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အင်းတော်မြို့အဝင်စစ်ဆေးရေးဂိတ်၌  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ Yamaha DT 125 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဘိုင်ဒါးကြိုးဝိုင်းအတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ပျဉ်းကတိုးသစ်ခွဲသား (၀.၅၆၄၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၂,၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် ဖေဖော်ဝါရီ ၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ ပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော Dole တံဆိပ်ပါ Premium Cherries အသီး (၇) ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀,၀၀၀) ကိုလည်းကောင်း၊ သံလွင်တံတား (ဘားအံ) စုပေါင်းစစ်ဆေးရေး ဂိတ်၌ ပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော Vita Milk (၁၂၀) ဖာ၊ TV အဟောင်း (၆၀) လုံး၊ Tra Chang တံဆိပ်ပါ Engine Oil (၂၁၆၀) လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၁၀,၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော Higer Bus အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉,၁၁၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

 

 

 

 

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂ ရက်၊ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၆၀၂,၃၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

 

သတင်းစဉ်