တရားမဝင် သစ်၊ သီးနှံများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ အင်ဂျင်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ မော်လမြိုင် ကားလမ်းမဘေးတွင် ပိုင်ရှင်မဲ့စုပုံထားသော အေးခဲငါးမျိုးစုံ (၇၀၀)ကီလိုဂရမ်၊ ထိုင်းနိုင်ငံထွက် ပဲသီး(၃၁၅)ကီလိုဂရမ်နှင့် ထိုင်းနိုင်ငံထုတ်အကြော်မှုန့် (၈)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇန်နဝါရီ ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်း မရှိသော Solid Bearing (၂၂၇၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၆၁၅,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင် ရုံ၌ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော ဒိုင်ယာရီစာအုပ်(၁၆၈၀၀) အုပ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၆၈၇,၂၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၃၀၂,၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီး/ထိန်းချုပ်ရေးအဖွဲ့နှင့် မြဝတီမြို့နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးတို့မှ ပူးပေါင်းအဖွဲ့များက သင်္ဃန်းညီနောင်ကျေးရွာ(AK)ဂိတ်အနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၈)စီးပေါ်မှ စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပြောင်းအိတ်(၁၈၅,၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၀၀၀,၀၀၀)နှင့် အဆိုပါပြောင်းများ တင်ဆောင်သော မော်တော်ယာဉ်(၈)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းပေါ်၌ နှီးဘုရားရှေ့တွင် လိုင်စင်မဲ့ TOYOTA Mark II အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်သစ်ခွဲသား (၀.၅၅၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၄,၃၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဖြူးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးကွန်းကြိုးပြင်ကာကွယ်တောအတွင်း၌ တရားမဝင် ကညင်သစ်ခွဲသား (၄ ဒသမ ၅၄၃၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၁,၄၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီ   ၂၅  ရက်၊ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ( ၂၂ ) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈,၅၈၈,၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ သိရသည်။

သတင်းစဉ်