တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးနယ်မြေရဲစခန်းမှ စစ်ဆေးရေးအဖွဲ့က မကွေးမြို့နယ်၊ မဲထီးလမ်းနှင့် မြို့ပတ်လမ်းထောင့်၌ လိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စေတုတ္တရာမြို့နယ်၊ ကျောက်မွဲကျေးရွာအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပျဉ်းကတိုးသစ်ခွဲသားနှင့် အင်ကြင်းခွဲသား (၂ ဒသမ ၀၁၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၅,၇၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်သော Faw Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇,၀၀၅,၇၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇူလိုင် ၁၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘားအံမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့က ဘားအံမြို့ရှောင်လမ်းနှင့် မော်လမြိုင်-ဘားအံကားလမ်းပေါ်တွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကလေးအင်္ကျီ(၂၀၀)ထည် အပါအဝင် ကုန်ပစ္စည်း(၉)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၈၁,၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့အား ရှောင်ကွင်း၍ တရားမဝင်ကုန်စည်များ သယ်ဆောင်လျက်ရှိကြောင်း သတင်းအရ ကျားကလေး-ဇာသပြင်-မော်လမြိုင်သို့သွားသည့်ကားလမ်းပေါ်တွင် ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးနှင့် ကျုံဒိုးမှ မော်လမြိုင်မြို့သို့ မောင်းနှင် လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်တင်သွင်းခွင့်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Sponsor Energy Drink(၇၀၀)ဖာ၊ Lipovitan-D Energy Drink(၂၀၀)ဖာ၊ Cooking Oil (၁၆၀၀)လီတာ၊ Yum Yum Instant Noodle(၅၀)ဖာ၊ Biscuits မျိုးစုံ(၅၀)ဖာ၊ Flying Horse Fertilizer (၈၇၅၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၁၀)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၄၈၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Nissan Condor Truck (၁)စီး၊ Mitsubishi Fuso Truck (၁)စီး၊ Mitsubishi Canter Truck (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၉၆၃,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော Child Wear Cotton(၁၃၅၀)ထည်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၂၅,၀၀၀)နှင့် သွင်းကုန်ကြေညာလွှာနှင့် Brand ကွဲလွဲတင်သွင်းလာသော GS Caltex High Density Polyethylene (၅၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၂၅,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး(၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကျွန်းပါကေးချပ် (၀ ဒသမ ၃၂၉)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၁,၆၈၀)နှင့် အဆိုပါသစ် များ တင်ဆောင်သော Nissan Condor Truck (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၃၆၁,၆၈၀)ကို ဖမ်းဆီးရမိခဲ့သဖြင့် အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်၊ ပျဉ်းကတိုးသစ် (၁၂၂ ဒသမ ၈၄၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၄၁၅,၈၈၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့မှ အဖွဲ့ ခေါင်းဆောင် ဒု-ရဲမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အောင်မြေသာစည်လမ်းပေါ်၌ လိုင်စင်မဲ့ Honda Airwave မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁,၂၇၁,၂၆၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်