တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၁

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇွန် ၈ ရက်တွင် ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ (ယာယီ) ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်သူ ဦးဆောင်သော အဖွဲ့က ဟိုပုံးမြို့၊ ရေထွက်၌ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ် (၃) စီးကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၃၆၃,၀၀၀) နှင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် (၃) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၃၆၃,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဇွန် ၈ ရက်နေ့တွင် မကွေးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာအုပ်စု၊ ဝက်သိုက်ကျေးရွာ စစ်ဆေးရေးဂိတ်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ Honda Odyssey အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀) အားလည်းကောင်း၊ ဇွန် ၉ ရက်တွင် သရက်မြို့ အနောက်ဘက် မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်၌  တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ TOYOTA HIJET အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀) ကိုလည်း‌ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့ မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင် မော်တော်ယာဉ် (၂) စီးပေါ်၌ အကောက်ခွန်မဲ့ စားသုံးဆီနှင့် အားဖြည့်အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၈၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန် ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း CIZ 125 အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်းဖိုးငွေကျပ် ၁၅၀,၀၀၀)၊ ရွှေဘိုမြို့နယ်အတွင်း MENGLONG 125 အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၀၀၀) နှင့် စစ်ကိုင်းမြို့နယ်အတွင်း TOYOTA MARK II အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ထပ်မံ၍ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ်ခွဲသားနှင့် ပျဉ်းကတိုးသစ်ခွဲသား (၀ ဒသမ ၅၂၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈,၀၀၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၇၈,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍  ဇွန် ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄,၉၂၆,၀၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်